မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေစတင်ကျော် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား

 

ငဖဲ   ဇူလိုင်   ၂၆


မကွေးတိုင်းဒေသကြီး  ငဖဲမြို့နယ်  မန်းချောင်း ရေလှောင်တမံ၌  ယနေ့နံနက် ၁၀ နာရီတိုင်းတာ ချက်အရ  တမံအမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ၆၂၅ ဒသမ ၉ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀ ဒသမ ၉ ပေအမြင့်အဖြစ် စတင် ရေကျော်လျက်ရှိ၍ အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှုစီမံချက်အရ    ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူထားကြောင်း  မြို့နယ် ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရသည်။


ယခုလက်ရှိတွင်   မန်းချောင်းရေလှောင်တမံ အတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော် ကျမှုများရှိနေ၍ မြို့နယ်အတွင်းရှိ    ပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲ မှုအဆင့်(၁)အဖြစ်   သတ်မှတ်ပြီး   တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့်   ရှင်းလင်းဆောင်နေရာများတွင် လည်းကောင်း၊ မန်းချောင်းတမံဆည်ရေသောက် ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း   အစိမ်းရောင်အလံ လွှင့်ထူ ထားပြီး    တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ  ရှိ၊   မရှိ   အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်သည်။


ငဖဲမြို့နယ်      မန်းချောင်းရေလှောင်တမံ၌ ဇူလိုင်လစတုတ္ထပတ်အတွင်း  မိုးရေချိန် ၀ ဒသမ ၉၀ လက်မ ရွာသွန်းခဲ့သည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများ အဆက်မပြတ် ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်း ဖြစ်ကြောင်း၊ တမံ၊   ရေထုတ်ပြွန်နှင့်  ဆက်စပ် အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်မှု ရှိကြောင်းနှင့်   ၂၄ နာရီ   ရေကင်းတာဝန်ချထား ပြီး    အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း   သိရ သည်။   

 
မယု(ငဖဲ)