
ပွင့်ဖြူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မင်းဇံကျေးရွာ နှင့် ဘူးသည်ကျေးရွာကြားရှိ မုန်းချောင်းကို ဒေသခံ ပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး အတွက် စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်း ငွေဖြင့် ကျေးရွာနေပြည်သူများ စုပေါင်းပြီး ယာယီ တံတားဆောက်လုပ်ခဲ့ရာ ယမန်နေ့က ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်လေးရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စုရှိကာ ကျေးရွာ ပေါင်း ၂၀၅ ရွာရှိပြီး မုန်းချောင်းသည် မြို့အနီးမှ စီးဆင်းလျက်ရှိ၍ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခုလို ပွင့်လင်း ရာသီရောက်ရှိလာသည့်အချိန်တွင် ကျေးရွာတစ်ရွာ နှင့်တစ်ရွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်၊ ကျေးလက်နှင့်မြို့ပြ အချိန်ကုန်သက်သာစွာ သွားလာနိုင်ရန် ကျေးရွာနေပြည်သူများ စုပေါင်းပြီး မုန်းချောင်းကူး ယာယီဝါးတံတားကို ဆောက်လုပ် ခြင်းဖြစ်သည်။
အဆိုပါ မုန်းချောင်းကူး ယာယီဝါးတံတား ဆောက်လုပ်ပြီးစီးသဖြင့် ဒေသခံပြည်သူများ အနေဖြင့် တစ်ရွာနှင့်တစ်ရွာ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်သည့်အပြင် ပွင့်ဖြူမြို့ပေါ်သို့ လည်း အချိန်တိုအတွင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)