
ကျောက်ဆည် မေ ၁
မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့ ဟောင်းအနီးတွင် တည်ရှိသည့် ဒေသခံများက တောင်ကျွန်းဟု ခေါ်သော ဝါစေ့တောင်၌ ယခင်က မွန်ဂိုများကို တိုက်ခိုက်စဉ်အသုံးပြု ခဲ့သည်ဟု ယူဆရမည့် ကျောက် လိုဏ်ဂူများ ရှိနေကြောင်းသိရသည်။
လိုဏ်ဂူအချို့သာ လူဝင်၍ ရသော အနေအထားရှိပြီး ကျန် လိုဏ်ဂူများမှာ ပြိုကျခြင်း၊ ဝင်ပေါက်ပိတ်ဆို့ခြင်းများ ဖြစ်နေ ကြောင်း အဆိုပါ လိုဏ်ဂူများ အကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သူ ဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးမင်းထံမှ သိရသည်။
မြင်စိုင်းဒေသတွင် ရှေးလက်ရာ စေတီပုထိုးများ၊ ဘုရား၊ ကျောင်း ကန်များ ရှိနေဆဲဖြစ်ကာ အဆိုပါ ဒေသသည် မွန်ဂိုတို့ကို ဥမင်တူး ကာ ခုခံခဲ့သည်ဟု ကျော်ကြား သည့်နေရာဖြစ်ပြီး ရွှေဥမင်တောင် တန်းရှိ ရွှေဥမင်ဂူနှင့် စိတ္တဂုတ်ဂူ အတွင်း၌ မြင်စိုင်းခေတ်လက်ရာ နံရံဆေးပန်းချီများ ကျန်ရှိနေသေး ကြောင်းလည်း သိရသည်။ “မြို့ရိုး နန်းတော်ရာလို့ ယူဆတဲ့နေရာက အခု ကုလားကျောင်းဆိုတဲ့ရွာ ဖြစ်နေတယ်။ အဲဒီရွာတစ်ရွာလုံး က မြို့ရိုးကြီးထဲမှာပဲ ရှိတယ်။ မြို့ရိုးနေရာက သမိုင်းပညာရှင် တွေ ပြောပြတာက တောင်မတ် မတ်တွေကြောင့် သဘာဝခံတပ် ကြီးလို ဖြစ်နေတာပေါ့။ အဲဒီတောင် က ကုလားကျောင်းရွာ အရှေ့ ဘက်ပါ။ တောင်မှာ လိုဏ်ဂူတွေ တူးထားတာ။ ဝင်ပေါက်တွေက ကျဉ်းကျဉ်းလေးတွေ။ ဒါပေမယ့် အထဲကို ဝင်သွားပြီဆိုရင် ဂူတွေက ကျယ်တယ်။ လူတွေကလည်း ဝင်ကြတယ်။ အရင်တုန်းကလည်း လာတူးကြတယ်လို့ ပြောဖူးတယ်။ ဂူတွေ ပြိုကုန်တာလည်း ရှိတယ်။ စုစုပေါင်း လိုဏ်ဂူ အလုံး ၂၀ လောက်ရှိတယ်။ တချို့ဂူဆို အဲဒီ ဂူအပေါ်ကို ရောက်နေပေမယ့် အဲဒီ ဂူကို မမြင်ရဘူး။ နယ်ခံတွေတောင် မျက်စိလည်နေတာ။ အတွင်းထဲ မှာ အကျယ်ကြီးဖြစ်သွားတာ။ မြွေအကြီးကြီးတွေလည်းရှိတော့ အရင်က မဝင်ရဲဘူး။ အခု ဝါစေ့ တောင်မှာရှိတဲ့ ဂူတော်တော် များများက ပြိုကျကုန်တယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ပြိုကျရသည့် အကြောင်း အရင်း များစွာထဲတွင် ကျောက် မိုင်းခွဲခဲ့ခြင်း၊ ရာသီဥတုအခြေ အနေကြောင့်ဖြစ်ကြောင်း ၎င်း၏ ရေးသားထားမှုအရ သိရသည်။ “လူဝင်လို့ ရတာက ဆယ်ခုမှာ တောင် လွတ်လွတ်လပ်လပ်ဝင်လို့ ရတာက လိုဏ်ဂူက သုံးဂူလောက် ပဲ ရှိတယ်။ ခါးလေးကုန်းပြီး ဝင်ရ တာ။ တခြားဂူတွေက ဝမ်းလျား မှောက်ပြီး ဝင်ရတာလည်းရှိတယ်။ အမိုးလိုက်ကြီး ပြိုကျတဲ့ ဂူတွေ လည်းရှိတယ်။ တောင်ရဲ့အရှေ့ဆုံး အဖျားလေးမှာ ညာဘက်ခြမ်းက ဂူမှာ ရေးရေးလေးပဲရှိတဲ့ ကနုတ် ပန်းတွေနံရံမှာ ရေးထားတာ လည်း တွေ့တယ်” ဟု ကိုအေးမင်း က ဆိုသည်။
Htet Oo Maung