
မင်းဘူး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ သားမွေးချောင်း(နွားကူးရိုး)တစ်လျှောက် ဘေးဝဲ/ယာ ရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ၊ လူနေအိမ်၊ ရပ်ကွက်များနှင့် မင်းဘူး-စကု ကားလမ်းမကြီး၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန်အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ များဖြင့် ချောင်းရိုးတူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေများဖြင့် မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ပြီး အဆိုပါ ချောင်းရိုးတစ်လျှောက် စက်ယန္တရားများဖြင့် တူးဖော်ပြုပြင်ခြင်းနှင့် ပေါင်ဆင့်ခြင်း၊ ရေဆိုးထုတ်မြောင်း ဆောင်ရွက်ခြင်း၊ ဒေါ်ဒွန်းပင်းတားဘေးတွင် ပေ ၂၀ အကျယ်(၅ပေx ၇ ပေ) အရွယ်အစားရှိ ရေတံခါး လေးပေါက်ပါရှိသော ဒေါ်ဒွန်းရေတံခါးအသစ်တစ်ခု တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဦးစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၁၇၀ ဖြင့် စကုမြို့ ခ.လ.ရ(၁၀)အတွင်း၌(၄၀ x ၁၄) ပေရှိ သံကူကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(သာမန်)မှ ထပ်မံခွင့်ပြုသည့် လုပ်ငန်းငါးခုအတွက် ညောင်ကိုင်း တံတားအနီး ရေလွှဲချောင်းတူးဖော်ခြင်းနှင့် ယင်း တူးဖော်မှုကို မြေယာလျော်ကြေးငွေပေးချေခြင်း လုပ်ငန်းကို ခွင့်ပြုငွေကျပ် ၁၉ ဒသမ ၁၄ သန်း၊ (၅၂ ပေ x ၁၀ပေ)ရှိ ညောင်ကိုင်းသစ်သားတံတား တည်ဆောက်ခြင်းကို ခွင့်ပြုငွေကျပ် သန်း ၃၇ ဒသမ ၅၀၊ ပေတိုင် ၁၀၉၅၀ မှ ၁၆၀၀၀ အထိ တာပေါင် ဖို့ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၃၅ ဒသမ ၃၃ သန်း၊ စကု-ဆင်ခေါင်းကားလမ်းတံတား ဝဲ/ယာရှိ ရေဆိုး ထုတ်မြောင်းများမှရေများ ချောင်းအတွင်းသို့ လျင်မြန်စွာ စီးဆင်းနိုင်စေရန် (၆ ပေ x ၄ပေ)ရှိ Spill-in နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၇ ဒသမ ၀၇ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူး ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ဆည်/မြောင်း)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတင်မျိုးလှိုင်က ပြောသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၁၃ ရက်တွင် သွားရောက်ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူ များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်း တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအားလုံး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ထပ်မံဆောင်ရွက်ရန် ကျန်ရှိ သည့် တာပေါင်ဖို့ခြင်းလုပ်ငန်းနှင့် Flap Gate Structure လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန် မှာကြားသည်။
စကုမြို့ရှိ သားမွေးချောင်း(နွားကူးရိုး)သည် စကုမြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ လက်ခုပ် ပင်ကျေးရွာအနီးမှ ချောင်းဖျားခံ၍ စတင်စီးဆင်း လာကာ ချောင်းတစ်လျှောက်တွင် ပင်းတားတစ်ခု၊ တံတားကိုးခု၊ စကုမြို့ပေါ်ရပ်ကွက် နှစ်ခု၊ ဘောလုံး ကွင်း၊ ဆေးရုံ၊ စကု ခ.လ.ရ(၁၀)တို့အပါအဝင် ချောင်း အပေါ်ပိုင်းရှိ ကျေးရွာသုံးရွာ၊ ချောင်းအောက်ပိုင်းရှိ ကျေးရွာနှစ်ရွာတို့ကို ဖြတ်သန်းစီးဆင်းပြီး ချောင်း အစအဆုံး အရှည်ပေ ၃၈၁၀၀ ဖြင့် စကုမန်းချောင်းထဲ သို့ စီးဝင်သော ချောင်းရိုးတစ်ခုဖြစ်ကြောင်း၊ ယခု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိုးတွင်းကာလတွင် ချောင်းဘေးဝဲ/ယာ တစ်လျှောက် ရှိ စိုက်ပျိုးမြေ ဧက ၂၀၀၀ ကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ စကုမြို့ပေါ်ရှိ မြေနိမ့်ပိုင်းမှ လူနေအိမ်နှင့် ရပ်ကွက်များ၊ စကုမြို့ ပြည်သူ့ဆေးရုံ၊ ပြည်သူ့အားကစားကွင်း၊ စကုမြို့ အမှတ်(၁၀) ခြေလျင်တပ်ရင်းအတွင်းရှိ အိပ်ဆောင် များနှင့် ချောင်းအောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ ရေကြီးရေလျှံမှုမှ လျော့နည်းသက်သာ စေမည့်အပြင် မင်းဘူး-စကု ကားလမ်းမကြီးတွင် လည်း ရေကြီးရေလျှံမှုမှကင်းဝေးပြီး မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း မြို့နယ်များသို့ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)