မင်းဘူးခရိုင်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများစိုက်ထူထားရှိမှု တစ်ပြေးညီဖြစ်စေရန်ဆောင်ရွက်

 

မင်းဘူး    ဖေဖော်ဝါရီ   ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ ပြည်သူများ အသုံးပြုသွားလာရာ လမ်းမများ၌ ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေ ရေးနှင့် လမ်းညွှန်းများ၊  လမ်းအမှတ်အသားများနှင့်  အချက်ပြများ စိုက်ထူထားရှိမှု တစ်ပြေးညီဖြစ်စေရေးအတွက် မင်းဘူးခရိုင်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၅ ရက်တွင် မင်းဘူး၊ ပွင့်ဖြူနှင့် စလင်း မြို့နယ်များသို့ သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်သည်။
မင်းဘူး-စကု-ပွင့်ဖြူ-စလင်း ကားလမ်းမတစ်လျှောက် ပြည်သူများ အသုံးပြုသွားလာရာတွင် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ထုတ်ပြန်ထားသော  နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ  လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့်   အချက်ပြများကို   မြို့နယ်အလိုက် တစ်ပြေးညီဖြစ်စေရေး မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်မှုရှိ/မရှိ   အခြေအနေများကို   ခရိုင်အုပ်ချုပ်ရေးမှူးက  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သောနေရာများတွင် ထပ်မံဖြည့်တင်းလုပ်ဆောင်သွားရန် မှာကြားသည်။
လမ်းညွှန်းအမှတ်အသားများဆောင်ရွက်ရာတွင် နယ်မြေဒေသအတွင်းရှိ အဝေးပြေးလမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများ၊ မြို့တွင်း/မြို့ပြင် လမ်းများ၊ မြို့နယ်/ခရိုင်ချင်းဆက်လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်း စေရေး ပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ ၂၀၂၂ ခုနှစ်၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြညွှန်ကြား ချက်များ (၂၀၂၂ ခုနှစ်)  ထုတ်ပြန်ချက်များနှင့်အညီ   တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် သတ်မှတ်စံနှုန်းအတိုင်း တစ်ပြေးညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ သိရသည်။                                                  

မောင်မောင်(မင်းဘူး)