မင်းဘူး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်၌ နွေနှမ်းများလှိုင်လှိုင်ပေါ်ချိန် စမုံနက် နှမ်း တစ်တင်းလျှင် ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေး ရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိနေသည့် အတွက် နှမ်းရောင်းချသူများ အဆင်ပြေလျက် ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“တောင်သူအများစုက နွေနှမ်းကို မတ်လ ထဲမှာ မိုးစပါးမစိုက်ခင် ကြဲပက်စနစ်နဲ့ စိုက်ကြ တာ။ စမုံနက် နှမ်းမျိုးကို အများဆုံး ရွေးချယ် စိုက်ပျိုးကြပြီးတော့ နှမ်းအဖြူစိုက်တာက နည်းတယ်။ သွင်းအားစုကုန်ကျစရိတ်က စစိုက်တဲ့အချိန်ကနေ အခု နှမ်းခါ (နှမ်းသိမ်း)ပြီးချိန်အထိ တစ်ဧကကို ကျပ် ၁၅၀၀၀၀ လောက်ပဲကုန်တယ်။ ယာမြေမှာစိုက်တဲ့ မိုးနှမ်း ထက် လယ်မြေမှာစိုက်တဲ့ နွေနှမ်းက ကုန်ကျ စရိတ်အများကြီးသက်သာပြီး အမြတ်အစွန်းပို ရတယ်။ ဒီနှစ်နွေနှမ်းက အထွက်နှုန်းကောင်း တယ်လို့ပြောရမှာပါ။ နှစ်ဧကကျော် စိုက်ခဲ့တာ ခုဆိုရင် တစ်ဧက ၁၀ တင်းနီးပါးထွက်တယ်။ ပြန်ထောင်နှမ်းခါတာနဲ့ဆိုရင် ၂၅ တင်းလောက် ရပါတယ်။ အခုလက်ရှိ နွေနှမ်းပေါ်ချိန် စမုံနက်က ကျပ် ၈၀၀၀၀ ကျော်နဲ့ ရောင်းချရတော့ ဈေးကောင်းရပြီး ဒီနှစ်နွေနှမ်းစိုက်ရတာ ပိုပြီး တွက်ခြေကိုက်ပါတယ်” ဟု ကုန်းသာကျေးရွာမှ နွေနှမ်းစိုက်တောင်သူ ကိုမင်းမင်းက ပြောသည်။
“ဒီရက်ပိုင်း နှမ်းဈေးတက်တော့ နွေနှမ်း (ခေါ်) ရေသွင်းနှမ်းတွေ လှိုင်လှိုင်ပေါ်ချိန် ဈေးကောင်းရပြီး အရောင်းသွက်နေတယ်။ စမုံနက်က ခေါင်စဆိုရင် ဈေးပိုကောင်းပြီး ကျပ် ၈၂၀၀၀ အထိ ပေါက်ဈေးရှိတယ်။ အရင်နှစ်ကဆိုရင် စမုံနက်က ကျပ် ၇၀၀၀၀ ဝန်းကျင်လောက်ပဲရှိတာ။ နွေနှမ်းပေါ်ချိန် ဈေးကောင်းရတော့ တောင်သူအဖို့ အဆင်ပြေ တာပေါ့။ ကျွန်မတို့ပွဲရုံက ၁၅ ပိဿာ နှမ်း တစ်တင်းကို စမုံနက်က ကျပ် ၈၂၀၀၀၊ နှမ်းအဖြူက ၆၈၀၀၀၊ နှမ်းအနီက ၆၅၀၀၀၊ နှမ်းအညိုက ၆၀၀၀၀ နဲ့ ဝယ်နေပါတယ်။ မင်းဘူး၊ မကွေးမှာရှိတဲ့ ကုန်သည်ပွဲရုံတွေက မန္တလေးကုန်စည် ဒိုင်ကြီးတွေကိုချိတ်ပြီး တစ်ဆင့်ပြန်ရောင်း၊ အဲဒီကနေမှတစ်ဆင့် တရုတ်ပြည်ကိုတင်ပို့တာပါ။ နှမ်းနက်ကို တရုတ်ပြည်ဘက်က အဝယ်လိုက်နေတော့ တောင်သူတွေ ဈေးကောင်းရတာပါ” ဟု မင်းဘူးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
မောင်မောင် (မင်းဘူး)



