မြန်အောင်မြို့နယ် မမြရေလှောင်တမံမှ နွေစပါး ဧက ၅၅၀၀ စိုက်ပျိုးရန် ရေပေးဝေသွားမည်

 

မြန်အောင် ဒီဇင်ဘာ  ၂၃ 


ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်း နွေစပါး ဧက ၅၅၀၀  စိုက်ပျိုးရန် အတွက်    မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ    စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်ကြောင်း မမြ ရေလှောင်တမံ    တာဝန်ခံထံမှ သိရသည်။

 


ယခုနှစ် နွေစပါးစိုက်ပျိုးရန် မမြရေလှောင်တမံ၌ ရေလှောင် ပမာဏ   ဧကပေ   ၇၁၅၀၀ သိုလှောင်ထားပြီး  ၂၀၂၂   ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ရေပေးဝေ မည်ဖြစ်ကြောင်းနှင့် မမြရေလှောင် တမံ၏ အကျိုးပြုဧရိယာအတွင်း နွေစပါးအပြင် ဆောင်းသီးနှံအဖြစ် မတ်ပဲ၊   ပဲတီစိမ်းများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

 


မမြရေလှောင်တမံ ဆည်ရေ ဖြင့် နွေစပါးစိုက်ပျိုးမည့် အင်္ဂပူ မြို့နယ်နှင့်     မြန်အောင်မြို့နယ် အတွင်းရှိ     ဆည်ရေသောက် ကျေးရွာများမှ   တောင်သူလယ် သမားများအား  ကြိုတင်အသိ ပေးထားပြီး မြန်အောင်မြို့နယ် အတွင်း ကျေးရွာအုပ်စု ရှစ်အုပ်စု တွင် နွေစပါး ဧက ၃၅၀၀ ၊ အင်္ဂပူ မြို့နယ်အတွင်း ကျေးရွာအုပ်စု ငါးအုပ်စုတွင် နွေစပါး ဧက ၂၀၀၀ စိုက်ပျိုးနိုင်ရန်     မမြရေလှောင် တမံမှ  ရေပေးဝေသွားမည်ဖြစ် ကြောင်းနှင့်   လက်ဝဲလက်ယာ မြောင်းမကြီးများ    အပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက် လက်တံခွဲမြောင်းများတွင် ရေစီး ရေလာ  ကောင်းမွန်ရေးအတွက် လည်း ဆောင်ရွက်ထားရှိကြောင်း မမြရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။ 

ဝင်းဗိုလ် (ပြန်/ဆက်)