မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၆၂၆ ဦးထပ်မံတွေ့ရှိ

ကွာလာလမ်ပူ   ဒီဇင်ဘာ  ၁၂


မလေးရှားနိုင်ငံ၌  ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၂၆ ဦး ထပ်မံတွေ့ရှိကြောင်းနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူ ၃၁ ဦး ထပ်မံတွေ့ရှိ ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။


အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၂၆ ဦးအနက် ၄၆၀၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၂၀ ဦးသည်   ပြည်ပမှပြန်လည်ရောက်ရှိလာသူများ အနက်မှ  ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၈၈၁၄၉ ဦးရှိကြောင်းနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၈၆၂ ဦး ရှိကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ   ၄၆၉၀  ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါမှ    ပြန်လည်ကျန်းမာလာသူပေါင်း ၂၅၉၆၅၀၉ ဦး ရှိလာကြောင်း သိရသည်။


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၆၀၇၇၈ ဦးရှိကြောင်း၊ ယင်းတို့အနက် ၃၉၆ ဦးသည် အထူးကြပ်မတ်ကုသ ဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၂၁၁  ဦးသည်    အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၇၈ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်