
ကွာလာလမ်ပူ ဒီဇင်ဘာ ၁၃
မလေးရှားနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် သစ် ကူးစက်ဖြစ်ပွားသူ တွေ့ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ခါရီဂျမာလူဒင်က ပြောကြား လိုက်မှုနှင့်အတူ ဒီဇင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၄၉၀ တိုးလာကြောင်း အတည်ပြုဖော်ပြခဲ့သည်။
ထို့အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၆၉၁၆၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၄ ဦးမှာ ပြည်ပ ကူးစက်မှုဖြစ်ပြီး ၃၄၇၆ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
နောက်ထပ် ၁၇ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၃၀၈၇၉ ဦး ရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာ ပြီးဆေးရုံမှဆင်းလာသူ ၅၃၉၉ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၆၀၁၉၀၈ ဦး ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၅၈၈၅၂ ဦး အနက် ၄၀၇ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၂၁၆ ဦးမှာ အသက်ရှူအထောက်အကူ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၁၂ ရက် တစ်ရက်တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၆၇၃၇၆ ဦးရှိခဲ့ရာ လူဦးရေ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းသိရပြီး ၇၈ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးပြီဖြစ်သည်။
ဆင်ဟွာ