မက်မန်းမြို့သို့ နှစ်ခေါက်လေ

Type
77

 

မြင့်စိုး(နတလ)

 

ရင်ထဲက မော်ဖဒေသ


ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ  ဝန်ထမ်း အဖြစ်      တာဝန်ထမ်းဆောင်ခဲ့သည့်  ၂၃ နှစ်တာ    ကာလအတွင်းမှာလည်း နှစ်ကြိမ်နှစ်ခေါက်     ပြန်လည်ရောက် ခဲ့သည့်   မြို့ရွာဒေသများ   ရှိခဲ့ပါသည်။ အချို့နေရာများကတော့ဖြင့်    နှစ်ကြိမ် နှစ်ခါမက မကြာခဏ  ရောက်ခွင့်ကြုံခဲ့ သည်။  ထိုကဲ့သို့   ရောက်ခွင့်ကြုံသော မြို့ရွာဒေသများမှအပြန် နယ်စပ်ဖွံ့ဖြိုး ရေးဆိုင်ရာ၊    တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများ   ရေးတော့မည်ဆိုလျှင် ငယ်စဉ်က   ကြည့်ရှုခဲ့ရသည့်    ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား၏   အမည်က ခေါင်းထဲမှာ  အလိုလို   ပေါ်လာပါတော့ သည်။ ဒါရိုက်တာကြီး  အဘဦးတင်ယု ရိုက်ကူးခဲ့သော “မေတ္တာဘုံသို့ နှစ်ခေါက် လေ”  ဇာတ်ကား၊   ရုပ်ရှင်မင်းသားက ဦးဇော်ဝမ်း၊  မင်းသမီးက   အကယ်ဒမီ ဒေါ်တင်တင်ညို   ထင်ပါသည်။
ယင်းဇာတ်ကားအမည်ကို သဘော ကျသဖြင့်   ရှမ်းပြည်နယ်  တောင်ပိုင်း ဟိုမိန်းဒေသမှအပြန်တွင်  ဟိုမိန်းမြို့သို့   နှစ်ခေါက်လေ  ဟူ၍   လည်းကောင်း၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ် မြို့သို့အသွား ခန္တီးနှင့် လဟယ်အကြား မှ အမြင့် ၄၉၉၇ ပေရှိ ထိန်ညိုတောင် အား ဖြတ်ကျော်ခဲ့ရသည်ကို အကြောင်းပြု ၍ ထိန်ညိုတောင်သို့ နှစ်ခေါက်လေဟူ၍ လည်းကောင်း အမည်ပေးကာ ဆောင်းပါး များ  ရေးခဲ့ဖူးပါသည်။

 


ရခိုင်ပြည်နယ် စစ်တွေမြို့   ရေချမ်းပြင်     ကူးတို့ဆိပ်မှတစ်ဆင့်  ပင်လယ်ဝကို ဖြတ်ပြီး အငူမော်ဆိပ်ကမ်းသို့ စက်လှေ ဖြင့်ကူးကာ  ထိုမှ  မော်တော်ယာဉ်ဖြင့် အငူမော် - မောင်တောလမ်းအတိုင်း မောင်းသွားလျှင် ၂၄  မိုင် သာသာလောက် မှာ  ကျောက်ပန္ဒူ ဟု   အမည်ရသည့် ကျေးရွာလေးကို     ရောက်ပါသည်။ ပင်လယ်ကမ်းစပ်အနီးမှာ ဆေးတံခေါင်း ကြီးသဖွယ် ကျောက်တုံးကြီး တည်ရှိနေ သောကြောင့် ကျောက်ပန္ဒူ ဟုခေါ်ခြင်း ဖြစ်ကြောင်း  သိရ၏။    ထိုရွာလေးမှာ ဒေသခံ  ရခိုင်၊ မြို၊ ခမီ  တိုင်းရင်းသား များအတွက် နေအိမ်များ ဆောက်ပေးခဲ့ရ သည်။ ယင်းဒေသမှအပြန်   ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးလိုက်သောအခါ   ပေးလိုက်မိသည့် ခေါင်းစဉ်က ကျောက် ပန္ဒူ သို့ နှစ်ခေါက်လေ ဟူ၍... ။

 


ယခုလည်း ကျွန်တော်   တင်ပြမည့် မက်မန်းမြို့လေးနှင့်      ပတ်သက်၍ သည်ခေါင်းစဉ်ကိုပဲ ရွေးမိသည်။ ဝန်ထမ်း ဘဝ အငြိမ်းစားယူခါနီး ၂၀၁၈ ခုနှစ်ထဲ မှာ မက်မန်းကို ပထမအကြိမ် ရောက်ဖြစ် ခဲ့သည်။  လေးနှစ်ခန့်အကြာ   ပြန်လည် ရောက်ခဲ့သည့်    ယခု   ခရီးစဉ်ကမူ ကျွန်တော့်ရင်ထဲက   ပြင်းပြသောဆန္ဒ တစ်ခုကို အကြောင်းပြု၍  ရောက်ခဲ့သည် ဟု   ပြောရမည်သာ။    စင်စစ်သော်ကား ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသော ဝန်ထမ်းများ၊    တပ်မတော်သားများ အနေဖြင့် မက်မန်းမြို့လေးကို  လည်း ကောင်း၊ မော်ဖဒေသကို လည်းကောင်း လွမ်းမောတသ      အမှတ်ရနေကြပါ လိမ့်မည်။     ကျွန်တော်သည်ပင်လျှင် တပ်မတော်သားဘဝဖြင့် မော်ဖဒေသသို့မရောက်ခဲ့သော်ငြားလည်း ၁၉၉၅ ခုနှစ် နတလဝန်ထမ်းဘဝ စသည်နှင့် မော်ဖ ဒေသက ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာ ပါတော့သည်။ မော်ဖဒေသသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ဗကပတို့၏ ဝင်ရောက်ကြီးစိုး ခြယ်လှယ်မှုကို ခံခဲ့ကြရသည်။ အစိုးရ အုပ်ချုပ်မှုယန္တရား လက်လှမ်းမမီသော အရပ်ဒေသများဖြစ်၍ ဆင်းရဲနွမ်းပါးမှု နှင့်အတူ အစစအရာရာ နိမ့်ကျခဲ့ရသည်။ တပ်မတော်က မင်းရန်အောင် စစ်ဆင် ရေးဖြင့် ဆင်နွှဲခဲ့သော ပွိုင့် ၅၇၁၀ ၊ ပွိုင့် ၆၀၂၈၊ လွယ်ဟိုလာ   တိုက်ပွဲကြီးများ အကြောင်းကို ပြန်လည်ကြားသိရသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့် ၊ ‘ဝ’ ၊ မိုင်းလား အထူးဒေသ - ၄  အဖွဲ့များ   တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော အခါ မော်ဖဒေသသည်လည်း ငြိမ်းချမ်း ခြင်းနှင့်အတူ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း များ၏ အသီးအပွင့်များကို ခံစားခွင့်ရရှိ သောဒေသဖြစ်ခဲ့သည်။

 


မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစ


၁၉၈၉    ခုနှစ်တွင်      မော်ဖဒေသ၌ ကျေးရွာအုပ်စု   ၁၁ စု   ကျေးရွာပေါင်း  ၆၉ ရွာသာ  ရှိသေးသည်။   မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်နှင့် တာကော် လေးတို့တွင် အ-မ-က ကျောင်းများ စတင်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်တော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်းစလောင်း၊ မငေါက်၊  ပန်ပွဲ၊ ကွန်ဟောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် အ-မ-က ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။ ကျန်းမာ ရေးကဏ္ဍ၌ ၁၉၈၉ ခုနှစ်တွင် မက်မန်း ဆေးရုံ၊  ဆွတ်ဝိုးဆေးရုံ၊   ဝိန်းနောင် ဆေးပေးခန်းများ စတင်ဖွင့်လှစ်ပေးပြီး ဝမ်းစလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်း၊ မုလု၊ တာကော်လေး၊ မန်ဝိန်းတို့၌ ဆေးပေးခန်းများ ဆက်လက် ဖွင့်ပေးခဲ့ပါသည်။   ၁၉၉၀   ပြည့်နှစ် ဖေဖော်ဝါရီလ၌      မော်ဖဒေသနေ တိုင်းရင်းသား    သွေးချင်းများအတွက် တပ်မတော်    သက်သာအရောင်းဆိုင် ၁၇ ဆိုင် ဖွင့်လှစ်ပေးကာ ဆန်၊ ဆီ၊ ဆား များကို ဈေးနှုန်းသက်သာစွာ ရောင်းချ ပေးပြီး ငါးခြောက် ပိဿာ ၁၀၀၀ ၊ ဆား ပိဿာ ၅၀၀၀ ၊ သကြားနှင့် ဘီစကွတ်မုန့် များ ထောက်ပံ့လှူဒါန်းခဲ့သည်။  နတလ လုပ်ငန်းကော်မတီ အစီအစဉ်ဖြင့် အိမ်မိုး သွပ်များ၊ ပြောင်သွပ်များ၊ ဘိလပ်မြေနှင့် သံမျိုးစုံ၊ ၄ ကေဗွီအေမီးစက်များ ပေးပို့ လှူဒါန်းခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့်   ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ    ကြက်ခြေနီအသင်းတို့ ကလည်း  မော်ဖဒေသအတွက်   လူသုံး ကုန်၊ စားသောက်ကုန်ပစ္စည်းများ ပေးပို့ လှူဒါန်းခဲ့ပါသည်။ နတလမှပေးပို့သော မီးစက်များဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့မှစ၍ မက်မန်း၊ ဝိန်းနောင်၊ ဆွတ်ဝိုးတို့တွင် မီးလင်းစေခဲ့ပြီး ဆက်လက် ၍ နမ့်နန်း၊ ဝမ်းစလောင်း၊ တာကော်လေး နှင့် ရောင်အူရွာများသို့ မီးစက်များပေးပို့ မီးလင်းစေခဲ့ပါသည်။

 


လမ်းပန်း   ဆက်သွယ်ရေးတွင် တာကော်လေး - မက်မန်းလမ်း၊ လွယ်ပါ- လွယ်ဟိုလာလမ်း၊    ပွိုင့်   ၆၀၂၈ - ရောင်အူ - ပန်ဆန်းလမ်းများ   စတင် ဖောက်လုပ်ခဲ့ပြီး ဝမ်တာခက်တံတားကို ၁၉၉၀-၁၉၉၁   ဘဏ္ဍာနှစ်၌    စတင် တည်ဆောက်ပေးခဲ့သည်။    မက်မန်း မြို့သစ်တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ (၇၇)၊  နည်းဗျူဟာ (၇၇၃) က   ဦးစီးဆောင်ရွက်ခဲ့ရာ   ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက်ခဲ့ကြပါ သည်။

 


အမှတ်တရ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ


၂၀၀၃ ခုနှစ်အတွင်း ကျင်းပပြုလုပ် သော နတလလုပ်ငန်းကော်မတီ လေးလ ပတ်အစည်းအဝေးတစ်ခု၌ ပတလ (ရှမ်း) ဥက္ကဋ္ဌ၊    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မက်မန်းမြို့အတွက် ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံ   ခွင့်ပြုပေး ပါရန်  တင်ပြခဲ့ရာ   နတလလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ရုတ်တရက်အံ့အား သင့်သွားပြီး  “ဟာကွာ -  မက်မန်းမှာ ရုပ်သံမရှိသေးဘူးလား ... ငါတို့ တည်ပေး ခဲ့တဲ့မြို့ကွ၊ ရပြီးပြီထင်နေတာ၊ တော်တော် နောက်ကျနေပြီ၊   ပေးမယ်ကွာ”  ဟု  ပြော၍ ခွင့်ပြုပေးခဲ့သည်ကို  ကျွန်တော်  အမှတ်ရမိသည်။    နတလအနေဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံများ ကို ၁၉၉၄ ခုနှစ်အတွင်းမှာပင် ပန်ဆန်း၊  မိုင်းမော၊  လောက်ကိုင်၊   မိုင်းယန်း၊ မိုင်းခတ်၊ ဆီလူး၊ မိုင်းလား၊ နမ့်ဖတ်ကာ၊ မိုင်းဆတ်၊ ဘုတ်ပြင်း၊ ကလိန်အောင်၊ တနိုင်းနှင့် ဖာပွန်တို့တွင် တည်ဆောက် ထုတ်လွှင့်   ပြသပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်အထိမှာပင် ၉၃ ရုံ ခွင့်ပြုချထား ပေးပြီး ဖြစ်ပါသည်။

 


ဤမည်သော အကြောင်းတရားများ အပြင် မော်ဖဒေသ၏ စတင်ဖြစ်တည် ရာနှင့် ယခင်   ယခု  အခြေအနေများကို အတန်အသင့် တွေ့မြင်သိရှိထားသော ကြောင့် မော်ဖဒေသ မက်မန်းကကျွန်တော့် ရင်ထဲသို့   တိုးဝင်ရောက်ရှိနေသည်မှာ ဆယ်စုနှစ်   သုံးခုနီးပါးမျှ   ရှိနေချေပြီ တကား။

 


လျှပ်တစ်ပြက် မက်မန်းခရီးစဉ်


မက်မန်းမြို့လေးရှိရာသို့    ဒုတိယ အကြိမ် ရောက်ရှိလာခြင်းသည် ကျွန်တော့် ရင်ထဲက   ပြင်းပြသောဆန္ဒတစ်ခုကို အကြောင်းပြု၍   ရောက်လာခြင်းဖြစ် ကြောင်း  ပြောခဲ့ပြီးဖြစ်သည်။  မည်သို့ သောဆန္ဒများ ဖြစ်ပေါ်နေခဲ့ပါသနည်း။ ၂၀၁၈ ခုနှစ် ဝန်ထမ်းဘဝမှ အငြိမ်းစား ယူပြီးကတည်းက မွေးရပ်မြေ ဧရာဝတီ တိုင်းဒေသကြီး   လေးမျက်နှာမြို့နယ် အတွင်းရှိ အ-ထ-က ကျောင်းများမှ ၉ တန်း၊ ၁၀ တန်း၊ ကျောင်းသား ကျောင်းသူ လေးများနှင့်တွေ့ဆုံ၍   တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်     မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အနေဖြင့် မိမိတာဝန်ထမ်းဆောင်ခဲ့သော နယ်စပ်ရေးရာဝန်ကြီးဌာနက  ဖွင့်လှစ် ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး     ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့သို့ တက်ရောက် ခွင့်ရရှိရေး သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။ တက္ကသိုလ်၊                ဒီဂရီကောလိပ်များ၏    ရည်ရွယ်ချက်၊ သင်ကြားပေးသော ဘာသာရပ်များ၊ B.Ed  ငါးနှစ်သင်တန်းအတွက် သတ်မှတ် ချက်များ၊    ဒီဂရီကောလိပ်များတွင် သင်ကြားပေးသည့်    အင်ဂျင်နီယာ A.G.T.I (ဒီပလိုမာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များ အတွက်   သတ်မှတ်ချက်များ၊   ဘွဲ့ရ သင်တန်းဆင်းပြီးသည်နှင့်    အလုပ် တာဝန်ခန့်ထားပေးမှုများ၊ အရည်အချင်း မီသူများက M.Ed တက်ခွင့်၊ BE, ME တက်ခွင့်၊ MA, M.Sc ဆက်လက်သင်ယူခွင့် ရှိသည်များ၊ ထူးချွန်သူများအနေဖြင့် ပါရဂူဘွဲ့ Ph.D  အထိ  သင်ယူနိုင်သည့် အခွင့်အရေးများ၊    သင်တန်းကာလ အတွင်း နိုင်ငံတော်က အစစတာဝန်ယူ၍ ကျွေးမွေးစောင့်ရှောက်ထားပုံ၊ စည်းကမ်း တကျ နေထိုင်ရပုံများကို ရှင်းလင်းပြော ကြားခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့်    နိုင်ငံတော် အကြီးအကဲ၏       ဩဝါဒခံယူပြီးမှ ကျောင်းဆင်းရသော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ကြောင်း ဂုဏ်ယူစွာရှင်းပြ ခဲ့သည်။

 


တက္ကသိုလ်၊ ကောလိပ်များက ထုတ် ဝေသည့်    နှစ်လည်မဂ္ဂဇင်းစာအုပ်များ ကို ကျောင်းစာကြည့်တိုက်များအတွက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ ဖွံ့ဖြိုးရေး တက္ကသိုလ်ကို ကြားဖူးကြသော်လည်း ဒီဂရီကောလိပ်များနှင့်ပတ်သက်၍ မသိ သူ၊ မကြားဖူးသူ  အတော်များပါသည်။ လေးမျက်နှာမြို့နယ်တွင်သာမက အင်္ဂပူ မြို့နယ် ကျွဲသောင် အ-ထ-က မှာလည်း ဟောပြောခဲ့သည်။ ရေကြည်၊ မြန်အောင်၊ ကျောင်းကုန်းမြို့နယ်များတွင်   တော့         ကိုယ်တိုင်မသွားနိုင်သောကြောင့်   အသိ မိတ်ဆွေများကတစ်ဆင့် မဂ္ဂဇင်းစာအုပ် များ၊ လေ့လာရန်   မေးခွန်းဟောင်းများ ဖြန့်ဝေပေးခဲ့သည်။      ကချင်ပြည်နယ် အတွင်းရှိ ပူတာအို အ-ထ-က ကျောင်း၌ လည်းကောင်း၊   ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ     အ-ထ-က ခေါင်လန်ဖူး၊ အ-ထ-က  ဇန်ယော့၊   အ-ထ-က(ခွဲ)ရှိန်းခေါင်ကျောင်းများမှ   ၁၀   တန်း ကျောင်းသား     ကျောင်းသူများအား အ-ထ-က ခေါင်လန်ဖူးတွင်    လည်း ကောင်း တွေ့ဆုံ၍ ရှင်းလင်းပြောကြား ခဲ့သည်။

 


ထိုအကြောင်းအရာများကို အ-ထ-က မက်မန်းရှိ ကျောင်းသား   ကျောင်းသူ များအား ရှင်းပြချင်သည်။ သူတို့လေးတွေ သိစေချင်သည်။ တက်ရောက်ခွင့်ရစေချင် သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုမီကာလမှာပင်    မက်မန်းသို့ အရောက်သွားချင်စိတ်က   တဖွားဖွား ပေါ်ပေါက်လာသည်။  မိမိက  စေတနာ ထက်သန်ပြင်းပြနေ၍ပဲလားတော့မသိ၊ ခရီးသွားနိုင်ရေး    ကူညီမည့်မိတ်ဆွေ များ      ပေါ်ပေါက်လာပါတော့သည်။ နေပြည်တော်က ဦးအောင်မင်းထွန်းနှင့် မက်မန်းမြို့က ဦးမိုးခိုင်တို့ပဲ ဖြစ်သည်။ ဦးမိုးခိုင်ကို မက်မန်းဒေသက လူတွေက ကိုဗလဟု ခေါ်ကြသည်။   တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်      ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခွင့် ရရှိရေးကိုတော့   မိမိတို့   ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ  (ကျိုင်းတုံ)  မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်က မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊    မြို့နယ်ပညာရေးမှူးရုံးများနှင့် ဆက်သွယ်ညှိနှိုင်းပေးခဲ့သည်။

 


ယင်းသို့ ညှိနှိုင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် နေပြည်တော် - နမ့်စန်၊ မတ်လ ၃ ရက်တွင် နမ့်စန် - မိုင်းပျဉ်း၊ မတ်လ ၄ ရက်တွင် မိုင်းပျဉ်း - မက်မန်း ခရီးစဉ်အတိုင်း    မော်တော်ယာဉ်ဖြင့် ထွက်ခွာကာ မက်မန်းမြို့လေးသို့ မွန်းတည့် ၁၂ နာရီမထိုးမီ   အရောက်ဝင်ခဲ့သည်။ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ ဟောပြောခြင်းကို မွန်းလွဲ ၁ နာရီအချိန် အ-ထ-က မက်မန်း၏ စာသင်ခန်းတစ်ခု တွင်   စီစဉ်ထားကြောင်း    သိရသည်။ ကျောင်းအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များက    ထုတ်ဝေသော စာအုပ်များ   လှူဒါန်းမည်။    မြို့နယ်  ပြန်/ဆက်ရုံးအတွက်လည်း  သုတ၊  ရသ စာအုပ်စာစောင်များလှူရန် တစ်ပါတည်း သယ်ဆောင်လာခဲ့၏။

 


မက်မန်းမြို့သို့အရောက် ကိုဗလအိမ် မှာပဲ တည်းကြသည်။ သူ့အိမ်မှာ မက်မန်း မြို့နယ်  အုပ်ချုပ်ရေးမှူး  ဦးထွန်းလင်း အောင်နှင့် အဖွဲ့ဝင်များက      လာရောက် စောင့်ကြိုနှုတ်ဆက်ကြသည်။    သူတို့နှင့် အတူ  အ-ထ-က    မက်မန်းကျောင်း သို့   သွားခဲ့သည်။   စာသင်ကျောင်းက   ကိုဗလအိမ်နှင့်  နီးနီးလေးပင်။     မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေး ခင်၊ အ-ထ-က   မက်မန်းကျောင်းအုပ်     ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ ဆရာမများက   ကျောင်းအဝင်မှ   ကြိုကြ သည်။ ပြန်/ဆက်  တာဝန်ခံ  ဒေါ်လေးလေ ကိုလည်း ဖိတ်ထားပေးသည်ကို တွေ့ရ ၏။ တက်ရောက်လာသည့်   တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်      ကျောင်းသား ကျောင်းသူများမှာ  ကျောင်းမှ   ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး စုစုပေါင်း ၆၃ ဦးဖြစ်ပါ သည်။ ထိုအထဲတွင်   ကိုရင်များလည်းပါ ၏။ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ကြိုးစားဖြေဆိုကြ ရန် ကနဦး တိုက်တွန်းမှာကြားသည်။ ယင်းနောက် တက္ကသိုလ်၊ ကောလိပ်များ အကြောင်း   ရှင်းပြသည်။   ကျွန်တော် ထင်သည့်အတိုင်းပင် ဖွံ့ဖြိုးရေးတက္ကသိုလ် ကို   ကြားဖူးကြသော်လည်း    ဒီဂရီ ကောလိပ်များအကြောင်း     မသိကြပါ။ သေချာရှင်းလင်း    ပြောကြားခဲ့သည်။ ဆက်လက်၍    စာအုပ်စာစောင်များ လှူဒါန်းခဲ့ပါသည်။

 


မင်းရန်အောင်စေတီကို ဖူးခဲ့သည်


ပထမအကြိမ် ရောက်ခဲ့စဉ်ကလည်း ဖူးခဲ့သည်။    ယခုတစ်ခေါက်   မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာလည်း မင်းရန် အောင်စေတီတော်ထံပါး    ခဝပ်တွား၍ ရှိခိုးကော်ရော်   ဖူးမြော်ကြည်ညိုခဲ့ပါ သည်။ မင်းရန်အောင်   စစ်ဆင်ရေးတွင် အသက်ပေးလှူခဲ့ကြသော      အရာရှိ စစ်သည်များအား ရည်စူး၍ မော်ဖဒေသ တွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားပြီး ဒေသခံတိုင်းရင်းသားများ ကြည်ညိုသဒ္ဓါ ပွားနိုင်စေရန်နှင့်  နယ်မြေဒေသ   ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်လျက် ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်နှင့် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ များ၊   တပ်ရင်းတပ်ဖွဲ့များ၊     ဒေသခံ တိုင်းရင်းသားများနှင့် ဖွံ့ဖြိုးရေးဝန်ထမ်း များ၏   ကြိုးပမ်းအားထုတ်မှုများဖြင့် မင်းရန်အောင်    စေတီတော်မြတ်ကြီး ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ   ၂၉   ရက်နေ့တွင် တည်ဆောက်ပြီးစီး ဘုရားအနေကဇာ တင်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော် အမြင့်မှာ   ဖိနပ်တော်မှ   စိန်ဖူးတော် အထိ ၄၁ ပေ   ၄   လက်မရှိကြောင်း   ကမ္ပည်း  မော်ကွန်းကျောက်စာ၌  တွေ့ခဲ့ ရ၏။ 

 


ထပ်မံဖူးမြော်ရမည့် ရုပ်ပွားတော်တစ်ဆူ


မက်မန်းမြို့နယ်   အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့်    နယ်မြေခံ နယ်ခြားစောင့်တပ်မှ   တပ်မှူး   ဗိုလ်မှူး စိုင်းယီတို့     ဦးဆောင်ဦးရွက်ပြုကာ ခရိုင်နှင့်  မြို့နယ်အဆင့်   ဌာနဆိုင်ရာ ဝန်ထမ်းများ၊  ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အလှူဒါနများပါဝင်လျက် အောင်တော်မူ  လာဘမုနိရုပ်ပွားတော် မြတ်ကြီးကို  မက်မန်းမြို့   အရှေ့တောင် ယွန်းယွန်း   အဘယကုန်းတော်ပေါ်တွင် တည်ထားနေပြီ   ဖြစ်သည်။   လိုဏ်ပုံ သဏ္ဌာန်  ကမ္ဘာလုံးပေါ်တွင်  စကြာမုဒြာ ရုပ်ပွားတော်တစ်ဆူ ထိုင်နေတော်မူဟန် တည်ထားမည်ဖြစ်ပြီး     စုစုပေါင်း ဉာဏ်တော်အမြင့်   ၄၅   ပေရှိကြောင်း၊ ဘုရားဘွဲ့တော်နှင့်    ဘုရားကုန်းတော် အမည်များကို  မက်မန်းမြို့   ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီး စာသင်တိုက်မှ  ဆရာတော်ကြီး   မဟာ သဒ္ဒမ္မ ဇောတိကဓဇ  ဘဒ္ဒန္တစန္ဒာသီရိက သမုတ်ပေးခြင်းဖြစ်ကြောင်း  သိရသည်။

 


ဆရာတော်ကြီး၏   ဩဝါဒကိုခံယူ၍   မန္တလေးမြို့   ဝါးချက်    ဦးကျော်သန်း မြန်မာမှုအဖွဲ့က   တည်ထားမည်ဖြစ်ပြီး ဆက်လက်၍လည်း   ယင်းရုပ်ပွားတော် ကြီးအနီး၌     နဂါးရုံဘုရားတစ်ဆူ   တည်ထားဦးမည်ဖြစ်ပေရာ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ အကယ်၍သာ ကျွန်တော်သည် တတိယ အကြိမ်မြောက်အဖြစ် မက်မန်းမြို့လေး သို့ ထပ်မံရောက်ခဲ့ပါမူ ယင်းဘုရားအဆူဆူ တို့ကို ဖူးမြော်ခွင့်ရပါလိမ့်ဦးမည်။ သို့သော် မသေချာတော့ပြီ။

 


အေးကျန့်ရွာလေးသို့ အမှတ်တရ


မက်မန်းသို့ ရောက်တုန်းရောက်ခိုက် အေးကျန့်ရွာလေးရှိရာသို့ သွားခဲ့ကြသေး သည်။ ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ပွိုင့် ၆၀၂၈ တောင်ကုန်း၊   ပွိုင့်   ၇၁၂၃ လွယ်ဟိုလာကုန်းတို့ကို မြင်နေရပါသည်။ လွယ်ဟိုလာဟု   ဆိုလိုက်သည်နှင့်   ထို ကုန်းအနီးတစ်ဝိုက်မှာ ကျောက်ချဉ်ပေါင်၊ ကျောက်ချင်း၊ တစ်ပင်တိုင်မျှစ်၊   မြက် ကြွပ်၊ ဝါးရောင်းချဉ်၊ ကြိမ်ခါးဖူး၊ မင်းဘော ဖူး   စသောအသီးအရွက်များ    ရှာဖွေ စားသောက်ခဲ့ရသည်ကို အမှတ်ရနေမည့် အရာရှိ အကြပ်စစ်သည်များစွာ ရှိနေပါ လိမ့်မည်။ နောက်တစ်နေ့ မတ်လ ၅ ရက် နေ့မှာ မက်မန်းမြို့လေးမှ   ပြန်လည် ထွက်ခွာခဲ့ကြသည်။ နှုတ်ဆက်ခဲ့ပါတယ် မက်မန်းမြို့လေးရေ ... ။     ။