မချမ်းဘော့မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြိုးတံတားပျက်စီးဆုံးရှုံးမှုမရှိစေရန်ဆောင်ရွက်

 

မချမ်းဘော့  ဇွန်   ၁၁


ကချင်ပြည်နယ်   မချမ်းဘော့ မြို့နယ်၌    မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေကြီး ၍ သစ်ပင်ကြီးများ မျောလာကာ ကြိုးတံတားတွင် ချိတ်နေသဖြင့် ကြိုးတံတားပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ရှင်းလင်းဖယ်ရှားခြင်း ကို ဇွန် ၈ ရက်က   ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

 


အဆိုပါ   ကြိုးတံတားသည် မချမ်းဘော့မြို့နယ် ကောင်းမှုလုံ ကျေးရွာအုပ်စု    နမ်ဘူယာန် ကျေးရွာနှင့် မန်နိုကျေးရွာအုပ်စု ဇော်ကန်ကျေးရွာကြားရှိ နမ်က တောက်ချောင်းကူးတံတား  ဖြစ် ပြီး ကျေးရွာပြည်သူအစီအစဉ်ဖြင့် ဆောက်လုပ်ထားသော အရှည်ပေ ၂၀၀၊ အကျယ်   လေးပေရှိသော တံတားဖြစ်သည်။ တံတားတွင် ချိတ်နေသည့်  သစ်ပင်ကြီးများ ရှင်းလင်းခြင်းကို      မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့    ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်း ဦးဆောင် ၍     မြို့နယ်လမ်းဦးစီးအရာရှိ ဦးတင်ဝင်းလှိုင်၊  မြို့နယ်မီးသတ် တပ်ဖွဲ့တာဝန်ခံ   ဦးအောင်မိုင်နှင့် တပ်ဖွဲ့ဝင်များက    ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

 


အဆိုပါကြိုးတံတားကို ပိုမို ကြံ့ခိုင်မှုရှိအောင်    ပြုပြင်ဆောင် ရွက်နိုင်ရန်အတွက်   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က    ငွေကျပ် တစ်သိန်း၊   မြို့နယ်လမ်းဦးစီး အရာရှိ ဦးတင်၀င်းလှိုင် မိသားစု က  ငွေကျပ်   တစ်သိန်းတို့ကို   ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများထံ    ထောက်ပံ့လှူဒါန်း ခဲ့ကြသည်။  

မြို့နယ်(ပြန်/ဆက်)