
မကွေး နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး အတွင်း အောက်ဆီဂျင်စက်ရုံ ၂၁ ရုံ တည် ဆောက်ရန် စီစဉ်ခဲ့သည့်အနက် စက်ရုံ ၁၆ ရုံမှာ စတင်လည်ပတ် နေပြီး စက်ရုံငါးရုံမှာ တည်ဆောက် ဆဲဖြစ်ကြောင်း မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားသည်။
ကိုဗစ်- ၁၉ တတိယအကျော့ တွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေး နှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုပွဲကို မကွေးမြို့ မြို့တော် ခန်းမ၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရောဂါ ကာကွယ် ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြ သော ကျန်းမာရေးဝန်ထမ်းများ၊ အခြားဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ၏ စေတနာကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် ယခုလို ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ယခုအခါ ရောဂါပိုး တွေ့ရှိမှုနှုန်းမှာ နှစ်ရာခိုင်နှုန်း အောက်လျော့နည်းကျဆင်းလာပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တတိယ အကျော့ကာလအတွင်း ပြည်သူ များ အောက်ဆီဂျင် လုံလောက်မှု မရှိသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင် လုံလောက်မှု ရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်စက်ရုံ ၂၁ ရုံ တည် ဆောက်ရန် စီစဉ်ခဲ့ရာ စက်ရုံ ၁၆ ရုံမှာ စတင်လည်ပတ်နေပြီး စက်ရုံငါးရုံမှာ တည်ဆောက်ဆဲ ဖြစ်ကြောင်း၊ စက်ရုံများအားလုံး လည်ပတ်နိုင်ပါက ပြည်သူများ အောက်ဆီဂျင် လိုအပ်ချက်မရှိ စေရေး အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်မည့်အပြင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုးအလုံး ၂၀၀၀ ကိုလည်း ဝယ်ယူ ဖြည့်ဆည်းပေးခဲ့ကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ အတွက် နှာခေါင်းစည်းဘူး တစ်သိန်း (အခုရေ ငါးသန်း) ကို လည်း ပြည်သူများထံ ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း ဝန်ကြီး ချုပ်က ပြောကြားသည်။
ထို့နောက် ကိုဗစ်- ၁၉ တတိယ အကျော့တွင် ကာကွယ် ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ၌ တက်ကြွစွာ ပါဝင် ကူညီခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းများနှင့်တပ်မတော် သားများ၊ ခရိုင် ကိုဗစ်-၁၉ ကော်မတီများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ကိုစည်သူ
(မကွေး)