မကွေးတိုင်းဒေသကြီးအတွင်းရှိ ပျားမွေးမြူရေးလုပ်ငန်းမှ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် ထွက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီးအတွင်းရှိ     ပုဂ္ဂလိက လုပ်ငန်းရှင်များ၏   ပျားမွေးမြူရေးလုပ်ငန်းများမှ နှစ်စဉ်ပျားရည် တန်ချိန် ၂၀၀ ခန့်ထွက်ရှိကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

 


“ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ  ပျား မွေးမြူရေးလုပ်တဲ့ လုပ်ငန်းရှင် ၇၀ ကျော်လောက် ရှိပါတယ်။ ပျားအုံပေါင်းက   ၁၂၀၀၀  ကျော် ရှိပြီး တော့ စလင်း၊ ပွင့်ဖြူ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်နဲ့   မင်းဘူးမြို့နယ်တွေမှာ   မွေးမြူမှု များတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ပျားမွေးမြူရေးလုပ်ငန်းရှင်တွေကို ပျားအုံကိုင်တွယ် ထိန်းသိမ်းမှု၊  ပျားရောဂါ ကာကွယ်ကုသမှု၊ ပျားရည်ထုတ်လုပ်မှု စတဲ့  နည်းပညာအထောက်အကူပြုသင်တန်းတွေ ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ   ဦးစီးအရာရှိ ဦးကျော်ဌေးက ပြောသည်။

 


မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန  ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ အနေဖြင့် ပျားမွေးမြူရေးအတတ်ပညာများကို ပြည်သူလူထု အတွင်း ပြန့်ပွားစေရန်နှင့် သီးနှံစိုက်ပျိုးသော ကျေးလက် နေပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


“ကျွန်တော် လုပ်ငန်းကနေ    နှစ်စဉ်  ပျားရည် ၁၀ တန်ကျော်  ထွက်ရှိပါတယ်။    ပျားမွေးမြူရေး လုပ်ငန်းဟာ  စီးပွားရေးအရ  တွက်ခြေကိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မွေးမြူထုတ်လုပ်ရရှိတဲ့ ပျားရည်ကို ကုန်ကြမ်းအဖြစ် ပဲ အခုတော့ ရောင်းချတယ်။ ပိုပြီးတော့ စီးပွားရေးအရ အဆင်ပြေစေဖို့  တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ရောင်းချ နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ကျွန်တော် တို့ ကိုယ်တိုင်လည်း ကြိုးစားနေပြီးတော့  နိုင်ငံတော် အနေနဲ့လည်း ကူညီပေးစေချင်ပါတယ်” ဟု ပျားမွေးမြူ ရေး လုပ်ငန်းရှင် ဦးအောင်မင်းက ပြောသည်။ 


 အောင်မင်းဟန်(သတင်းစဉ်)၊ ဓာတ်ပုံ-နေသစ်