မကွေးမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး သန့်ရှင်းမှုရှိစေရေး စုပေါင်းသန့်ရှင်း

မကွေး စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီး၌ သန့်ရှင်းသာယာလှပရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပ ရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း က မကွေးမြို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာ များ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု အားပေးသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ ချုံနွယ် များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ အတွင်းရှိ အမှိုက်များကို အမှိုက်ကားဖြင့် စနစ်တကျ စွန့်ပစ်ခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည် နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာ လှပရေးသည် အရေးကြီးကြောင်း၊ ကျောင်းများတွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် သာမက ကျောင်းသား ကျောင်းသူများ အားလပ်ချိန် ၌ အားကစားများပြုလုပ်ရာတွင် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက်လည်း အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ပေးသင့်ကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင်လည်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး အထူးလိုအပ်သလို အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက် ရန် လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါ ကျောင်းဝင်းစုပေါင်းသန့်ရှင်းရေးကို စုစုပေါင်း အင်အား ၂၃၀ ခန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မောင်ညီညာ