မကွေးမြို့ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

 

မကွေး   အောက်တိုဘာ    ၂၄


မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးမြသလွန်စေတီတော် မြတ်ကြီး   ရင်ပြင်တော်ပေါ်ရှိ  မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပရာ  မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးတင့်လွင်နှင့်  တိုင်းဒေသကြီး  ဝန်ကြီးများ၊   ၎င်းတို့ ၏ဇနီးများ၊  မကွေးတပ်နယ်မှ  အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊  မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ နှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ   မကွေးမြို့  ကန်ဦးရတနာကျောင်းတိုက်  ပဓာနနာယက    မြသလွန်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တသုမင်္ဂလက  သာသနာ့အလံ တော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်ပေးတော်မူကာ ပင့်သံဃာအရှင် သူမြတ်များက ဇယန္တော နှစ်ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော် မူခဲ့ကြသည်။ ဆက်လက်၍  မြသလွန်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဦးက မကွေးမြသလွန် စေတီတော်မြတ်ကြီး၏    (၂၅၈၇) ကြိမ်မြောက်   ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနား   ဖွင့်လှစ်ကြောင်း  ကျူးရင့်ပြီး    ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက   ကြေးစည်၊   ခေါင်းလောင်း၊  ထိုးစည်၊  ဘားစည် ၂၄ ချက် တီးခတ်ပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက သာဓုအနုမောဒနာ သုံးကြိမ် ရွတ်ဆိုပူဇော်ခဲ့ကြသည်။ 


ယင်းနောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာ တော်အရှင်သူမြတ်များက စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ပဋ္ဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယ နိဒ္ဒေသ တရားတော်များကို  ညီညာဖြဖြ  ရွတ်ပွားသရဇ္ဈာယ်တော်မူ ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မကွေးမြို့၏  ရှေးဟောင်းသမိုင်းဝင်  မကွေးမြသလွန်စေတီတော် မြတ်ကြီး   ဗုဒ္ဓပူဇနိယပွဲတော်ကို   အစဉ်အလာမပျက်   (၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် အထိ) အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ရက် ၂၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း   မြန်မာ့ ရိုးရာ အစားအစာအမျိုးမျိုး၊လူသုံးကုန်ပစ္စည်းများနှင့် တောင်သူသုံး ပစ္စည်းအမျိုးမျိုးနှင့်    ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုး    စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၆၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချကာ  ဘုရားဖူးလာ ပြည်သူများအတွက်  ဂေါပကအဖွဲ့က အခမဲ့နားနေဆောင်များ စီစဉ် ထားရှိကြောင်း သိရသည်။ 


ထို့အပြင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်  စာသင်တိုက်ကျောင်း များနှင့်   ဘုန်းတော်ကြီးကျောင်းများမှ   သံဃာအပါး  ၁၅၀၀   အား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့် နေ့ညတွင် ဆီမီး ၉၀၀၀၊ နံ့သာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။          

မောင်ညီညာ