မြို့တော်ပြောင်းရွှေ့ရေးဆိုင်ရာဥပဒေမူကြမ်း အင်ဒိုနီးရှားပါလီမန် အတည်ပြု

ဂျကာတာ   ဇန်နဝါရီ  ၁၉


အင်ဒိုနီးရှားဥပဒေပြုလွှတ်တော်အမတ်များသည် မြို့တော်အား နိုင်ငံ၏လူဦးရေ အထူထပ်ဆုံးဂျာဗားကျွန်းမှ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်မျဉ်းထိစပ် သည့်   ကာလီမန်တန်ပြည်နယ်သို့  ပြောင်းရွှေ့ရေးဆိုင်ရာ  ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့သည်။


အင်ဒိုနီးရှားနိုင်ငံ၏  သမ္မတဟောင်းများသည် မြို့တော်ပြောင်းရွှေ့ရေးဆိုင်ရာရည်ရွယ်ချက်များကို လွန်ခဲ့သည့်နှစ်များက စီစဉ်ခဲ့ကြသော်လည်း အကောင်အထည်ဖော် နိုင်ခြင်းမရှိခဲ့ပေ။  လက်ရှိအင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို  လက်ထက်ရောက်သောအခါ မြို့တော်ဂျကာတာမြို့၌  လူဦးရေသိပ်သည်းမှုနှင့် မြေကျွံမှုပြဿနာများကြောင့် မြို့တော်အား       အရှေ့ကာလီမန်တန်ပြည်နယ်သို့      ပြောင်းရွှေ့ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် လွန်ခဲ့သည့်သုံးနှစ်က ကတိကဝတ်ပြုခဲ့သည်။


နူဆန်တာရာဟု အမည်ပေးထားသည့်အဆိုပါမြို့တော်သစ်သည် အရှေ့ကာလီမန် တန်-ပီနာဂျမ်ပါဆာအူထရာခရိုင်နှင့်         ကူတိုင်းကာတာနီဂါရာခရိုင်နှစ်ခုပေါင်း တည်ဆောက်သွားမည်ဖြစ်ပြီး အကျယ်အဝန်းဟက်တာ ၂၅၆၀၀၀ ခန့်ရှိကြောင်း သိရသည်။ နူဆန်တာရာဟူသော  မြို့တော်သစ်အမည်ကို  သမ္မတဝီဒိုဒိုကိုယ်တိုင်က ရွေးချယ်ခဲ့ခြင်းဖြစ်၍ အင်္ဂလိပ်ဘာသာစကားဖြင့် archipelago “ကျွန်းစု” ဟု အဓိပ္ပာယ် ရှိကြောင်း သိရသည်။
အတည်ပြုကြေညာ


အင်ဒိုနီးရှားသမ္မတဝီဒိုဒိုသည်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဂျာဗားကျွန်းမှ အခြားဒေသသို့ မြို့တော်ပြောင်းရွှေ့ရေးစီမံကိန်းကို ၂၀၁၉ ခုနှစ် ဧပြီလက ပထမဆုံး ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အရှေ့ကာလီမန်တန်ပြည်နယ်သို့ ပြောင်းရွှေ့ရန် အတည်ပြု ကြေညာခဲ့သည်။


ကမ္ဘာပေါ်တွင် လူဦးရေစတုတ္ထအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်း ၁၇၀၀၀ ဖြင့်ဖွဲ့စည်းထားပြီး  လူဦးရေ သန်း ၂၇၀ ကျော်နေထိုင်သည်။ ထို့အတူ စတုရန်းကီလိုမီတာ ၁၂၇၀၀၀ ခန့်ကျယ်ဝန်းသည့် အရှေ့ကာလီမန်တန် ပြည်နယ်တွင်လည်း လူဦးရေ ၃ ဒသမ ၇ သန်းကျော် နေထိုင်ကြောင်း သိရသည်။
အင်ဒိုနီးရှားအစိုးရသည် အမေရိကန်ဒေါ်လာ၂၃ ဘီလီယံကုန်ကျမည့် မြို့တော် သစ်တည်ဆောက်ရေးလုပ်ငန်းများစတင်ခြင်းကို   ၂၀၂၀  ပြည့်နှစ်   သြဂုတ်လတွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယင်းအစီအစဉ် အထမမြောက်ခဲ့ကြောင်း သိရသည်။


မြို့တော်သစ်တည်ဆောက်ရေးစီမံကိန်းတချို့ကို   ပုဂ္ဂလိကမိတ်ဖက်များက ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် ပြောင်းရွှေ့ရေးလုပ်ငန်းကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် ပြီးဆုံးမည်ဟု မျှော်မှန်းထားသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ