
မိုးညှင်း အောက်တိုဘာ ၂၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့၌ အထက်ဘက်မှ မိုးများ သည်းထန် စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၂ ရက်က ကာမိုင်း-လဝါးသွား ကား လမ်းမပေါ်ရှိ ပေ ၉၀၀ တံတား၏ အောက် ခြေကို နန့်ကောင်းချောင်းရေတိုက်စားပြီး တံတားချဉ်းကပ်ကားလမ်း ပျက်စီးခဲ့ ကြောင်း သိရသည်။
အောက်တိုဘာ ၂၁ ရက်မှစ၍ တနိုင်းမြို့နယ်ဘက်ခြမ်းမှ မိုးများ သည်းထန်စွာရွာသွန်းပြီး နန့်ကောင်း ချောင်းရေ မြင့်တက်တိုက်စားခြင်းကြောင့် တံတားချဉ်းကပ် လမ်းထက်ဝက်ခန့် ပြတ်ကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒေသခံပြည်သူ များနှင့် ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုးတား၍ ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများ အား မိုးကောင်း-ပါဟုတ်-ကာမိုင်းလမ်း အတိုင်း သွားလာစေလျက်ရှိကြောင်း၊ တံတားချဉ်းကပ်ကားလမ်း ပျက်စီးသွား သည့်နေရာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရီးသွား ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ပျက်စီးသွားသောချဉ်းကပ်လမ်း ပြုပြင်ရေးလုပ်ငန်းအနေဖြင့် ဖားကန့် မြို့နယ် လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကာမိုင်းမြို့မှတာဝန်ရှိ သူများ ပူးပေါင်း၍ ပျက်စီးသည့်နေရာ၌ ကျောက်တုံးများဖြည့်သွင်းကာ ယာယီ သံပေါင်ဘေလီတံတား ပေ ၃၀ ခန့် အမြန်ဆောင်ရွက်ရန် လိုအပ်သော ကျောက်တုံးကျောက်ခဲများနှင့် ဆောက် လုပ်ရေးသုံးပစ္စည်းများ သယ်ယူခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)