မြို့နယ်များ၌ မိုးသည်းထန်လေပြင်းတိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီး

 

သရက် 
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က  လေပြင်းတိုက်ခတ်၍  ကျေးရွာ ၁၀ ရွာမှ နေအိမ် အချို့နှင့်  စာသင်ကျောင်း   နှစ်ကျောင်း၊   ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။ 
အဆိုပါ လေပြင်းတိုက်ခတ်၍ သရက်မြို့နယ်အတွင်း ပျက်စီး ခဲ့သည့် ကျေးရွာများမှာ အောက်မနိမ့် ကျေးရွာမှ စာသင်ကျောင်း တစ်ကျောင်း၊ အောက်မမြင့်ကျေးရွာမှ နေအိမ်တစ်လုံး၊ ဘန့်ပြင် ကျေးရွာမှ စာသင်ကျောင်း တစ်ကျောင်း၊ ရွာသစ်ကျေးရွာ နေအိမ် တစ်လုံး၊ မြောက်ကျွတ်ကျေးရွာ လူနေအိမ်သုံးလုံး၊ သပြေစမ်းကျေးရွာ နေအိမ် သုံးလုံး၊ ညောင်ပင်သာကျေးရွာ နေအိမ်သုံးလုံး၊ ရွှေဟင်္သာ ကျွန်းကျေးရွာ နေအိမ် တစ်လုံး၊ ကွမ်းအုံကျေးရွာ  နေအိမ်နှစ်လုံး၊ တောမြင်ဘာကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
    ဇော်ထက်( သရက်)

 

ငါ့သရောက်         
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ငါ့သရောက်မြို တောပြား ကျေးရွာအုပ်စု    အိုရင်းကျေးရွာတွင်  မေ  ၉ ရက်  ည ၁၀ နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး  အဆိုပါ   လေပြင်းတိုက်ခတ်မှု ကြောင့်   ကျေးရွာရှိ  နေအိမ်လေးလုံး     ထိခိုက်ပျက်စီးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး     ဦးကျော်မင်းသူထံမှ    သိရ သည်။
အဆိုပါ   လေပြင်းတိုက်ခတ်မှုကြောင့်    ညောင်ဦးမြို့နယ် ငါ့သရောက်မြို့  တောပြားကျေးရွာအုပ်စု အိုရင်းကျေးရွာရှိ  ၁၅ ပေ ပတ်လည် သွပ်မိုး၊  ထရံကာ မြေစိုက်နေအိမ်နှစ်လုံး   အမိုးလန် ပျက်စီးခြင်း ၊ ပေ ၂၀ ပတ်လည် သွပ်မိုး ၊ ထရံကာ မြေစိုက်နေအိမ်နှစ်လုံး အမိုးလန်ပျက်စီးခြင်း စုစုပေါင်း နေအိမ်လေးလုံး အမိုးလန်ပျက်စီးခဲ့ ကြောင်းနှင့်  လူနှင့်  တိရစ္ဆာန်များ  ထိခိုက်မှုမရှိကြောင်း  သိရသည်။
    ရဲဝင်းနိုင် (ညောင်ဦး)

 

နမ့်စန်    
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင်  ယမန်နေ့  ညနေ ၆ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဟိုက်ဖတ်ကျေးရွာအုပ်စုမှ  ဟိုက်ဖတ်ကျေးရွာ ၊ နားတုံကျေးရွာနှင့် ဝမ်လုံကျေးရွာတို့ရှိ သွပ်မိုး၊ အုတ်ညှပ် နေအိမ်နှစ်လုံး ၊ သွပ်မိုးထရံကာ နေအိမ်ငါးလုံး စုစုပေါင်း ခုနစ်လုံး အမိုးလန်ပျက်စီးခဲ့ပြီး အမှတ်(၃)ရပ်ကွက်ရှိ   အတုလကာရီ  ဘုန်းတော်ကြီးကျောင်း  အုတ်တံတိုင်း အရှည် ပေ ၄၀ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)

 

တွံတေး
ရန်ကုန်တိုင်းဒေသကြီး   တွံတေးမြို့နယ်   မင်းပိုင်းရပ်ကွက်အပိုင်း မြဂိုးကျေးရွာတွင် ယနေ့  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂၅ မိနစ်အထိ မိုးသည်းထန်စွာ   ရွာသွန်းပြီး    လေပြင်းတိုက်ခတ်မှုကြောင့်   မြဂိုး ကျေးရွာ   တွံတေး- မအူပင်ကားလမ်းဘေးရှိ     ငါးလုပ်ငန်းသိပ္ပံ ကျောင်းဝင်းအတွင်းရှိ အ.မ.က(၁၃)ကျောင်း အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ အမိုးလန်ကျောင်းမှ ကျောင်းဆောင် သွပ်အချပ်ရေ ၁၄၄ ချပ်နှင့် ဒိုင်း၊ မြား အချို့ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့်   အဆိုပါကျောင်းဆောင်မှာ  ၁၉၅၈ ခုနှစ်က  ဆောက်လုပ်ထားသော         ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း သိရသည်။                                                             တွံတေးသား