
နေပြည်တော် ဇူလိုင် ၃
မြို့နယ်အချို့၌ အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိ သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီ ခွဲခန့်တွင် အောင်လံမြို့နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေ လုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ပြလို့ကျေးရွာနှင့် ပွဲသာကျေးရွာ ကြားရှိ တောင်စောင်းအနီး မြေကျင်း တစ်ခုအတွင်းမှ လက်လုပ်ဗုံး ၇၅ လုံး၊ Black Powder မှုန့်များ ထည့်ထားသည့် ဆပ်ပြာဘူးကြီး လေးဘူးနှင့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထား သော ပုလဲဓာတ်မြေဩဇာ ငါးကီလိုခန့်တို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့ မြိုင်ကုန်းကျေးရွာရှိ “ဝီလာသာရာမ ကျောင်းသစ်” ကျောင်းတိုက်အတွင်း၌ လက်လုပ် မိုင်းများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ကျောင်းထိုင် ဆရာတော် ဉူးပညာသာမိ(၄၀နှစ်) (၂၄)ဝါ (ဘ) ဦးချစ်ပါ သံဃာ သုံးပါးနှင့် မြင်းခြံကုန်းကျေးရွာနေ ဦးမောင်မောင်ဒီ (၃၃ နှစ်) (ဘ)ဦးထွန်းထွန်းဦးပါ အမျိုးသား ရှစ်ဦးတို့ကိုတွေ့ရှိရပြီး ဆက်လက် ရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းရှိ စတိုခန်းအတွင်းမှ လက်လုပ်မိုင်း အခွံ ၁၂ ခု၊ ကန့် တစ်ပိဿာ၊ ယမ်းမှုန့် တစ်ပိဿာ၊ ယမ်းကြိုး ၁၅ ချောင်းနှင့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ် ထားရှိသူများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
သတင်းစဉ်