မိုးညှင်းမြို့နယ်နှင့် သာစည်မြို့နယ်တို့၌ ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၂ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်တို့၌ ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးစခန်း၌ မန္တလေးမှ မိုးညှင်း ဘက်သို့ အောင်ဆွေဦး မောင်းနှင်ပြီး မင်းမင်းသန်း လိုက်ပါလာသည့် FOTON ခြောက်ဘီးမော်တော်ယာဉ် ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင်ပြောင်းဖူးစေ့အိတ်များအတွင်း ထည့်သွင်းသယ်ဆောင် လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား များအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ် သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း။ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီတွင် မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲကျကျေးရွာ ကျွဲကျချောင်းအနီး၌ မော်တော်ဆိုင်ကယ် သုံးစီးမှာ ဆာလာအိတ်များတင်ဆောင်ထားပြီး ရပ်တန့် ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက် စစ်ဆေးရာ အဆိုပါဆိုင်ကယ်သုံးစီးပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၃ အိတ် အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၄ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်