
မိုင်းယု ဧပြီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယုမြို့၌ ရှမ်းတိုင်းရင်းသားတို့၏ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်အနီး နမ့်လွေချောင်းအလယ်ရှိ သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျောက်အင်ထလျဲန်းနှင့် တာကြန့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျောက်ခမ်းလျဲန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး မြို့မိမြို့ဖဖြစ်သူ ဦးတင်ထွေးက ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများရိုက်၍ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ကို အသင်းဝင်များက စတင်လှော်ခတ်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်း ပါဝင်ယှဉ်ပြိုင်ကစား ကြပြီး ဧပြီ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အသင်းအားလုံး ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကာ ဧပြီ ၃၀ ရက်တွင် အုပ်စုအနိုင်အရှုံး လုကာ မေ ၁ ရက် နံနက်ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယလုပွဲ များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် ရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲနှင့် အခမ်းအနားပိတ်ပွဲတို့ကို ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်