မိုခါ(MOCHA)မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄ဝဝ သေဆုံးသည်ဟု လူမှုကွန်ရက်များတွင် ဖော်ပြနေသော သတင်းများအပေါ် သတင်းမှန်ပြန်ကြားခြင်း

 

နေပြည်တော်    မေ   ၁၉
မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင်   နေထိုင်သော   ဘင်္ဂါလီလူမျိုး   ၄၀၀   သေဆုံးသည်ဟု လူမှုကွန်ရက်စာမျက်နှာ အချို့တွင်ဖော်ပြနေကြောင်း တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  မေ ၁၂ ရက်  နံနက်ပိုင်းမှ စတင်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်သို့ IDP Camp များအပါအဝင် လေဘေး ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ရေး အတွက် ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်နှင့်    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ဦးဆောင်၍    ခရိုင်၊  မြို့နယ်နှင့်   ရပ်ကျေးအဆင့်အထိ ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ 
ရွှေ့ပြောင်းရာတွင်လည်း    စနစ်တကျ    ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ မသန်စွမ်းများ၊ကိုယ်ဝန်ဆောင် များအား   ရွှေ့ပြောင်းပြီးမှသာလျှင်    ကျန်းမာသန်စွမ်းသူများအား  အသုတ်လိုက်ရွှေ့ပြောင်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ 
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်  စစ်တွေမြို့အပါအဝင် IDP Camp ၁၇  ခုရှိ ခိုလှုံဘင်္ဂါလီလူဦးရေ   ၁၂၅၇၈၉  ဦးအနက်  ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရန်  လိုအပ်သည့် ၆၃၃၀၂  ဦးခန့်ကို  ဘေးလွတ်ရာ အဆောက်အဦများနှင့်  ဆိုင်ကလုန်း  Shelter  များသို့   ရွှေ့ပြောင်း နိုင်ခဲ့သည်။ ဆိုင်ကလုန်း မိုခါ  ဝင်ရောက်ပြီးနောက်  မေ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား လေးဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့်  ဘင်္ဂါလီ  ၂၆ ဦး စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်း  သတင်းထုတ်ပြန်ပြီးဖြစ်သည်။  မေ  ၁၈   ရက် ထပ်မံရရှိသတင်းအရ  ဒေသခံခြောက်ဦးနှင့်  ဘင်္ဂါလီ ၉၁ ဦး ပေါင်း ၉၇ ဦး သေဆုံးကြောင်း   သတင်းရရှိပြီး   ရရှိသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်ပေးလျက်ရှိသည်။ ယခုသေဆုံးသူ များသည်    တာဝန်ရှိသူများမှ    ပြောင်းရွှေ့ပေးမှုအပေါ်   လိုက်ပါ ခြင်းမရှိဘဲ    မိမိအစီအစဉ်ဖြင့်  နေအိမ်များ၌   ကျန်ရှိခဲ့သူများသာ ဖြစ်သည်။ 
သို့ဖြစ်၍  လူမှုကွန်ရက်များတွင်  ဖော်ပြနေသည့်   ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော်ဆိုသည်မှာ မှန်ကန်မှုမရှိပေ။ ထို့ကြောင့် မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့် မီဒီယာစာမျက်နှာအချို့အား တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။                                                                
 သတင်းစဉ်