
နေပြည်တော် နိုဝင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီး ဌာန၌ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
လျင်မြန်စွာကူးစက်ပြန့်ပွား
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး (Variants of Concern) အုပ်စုတွင် နိုဝင်ဘာ ၂၆ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံ၍ ထည့်သွင်းခဲ့သည့် အိုမီခရွန် (Omicron) မျိုးဗီဇ ပြောင်း ရောဂါပိုးအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရပါ ကြောင်း။
အဆိုပါ မျိုးဗီဇပြောင်းရောဂါပိုးများ မိမိတို့နိုင်ငံ အတွင်းသို့ မဝင်ရောက်လာစေရေးနှင့် မိမိတို့နိုင်ငံ တွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဘက်ပေါင်းစုံမှ ကြိုတင် ပြင်ဆင်မှုများကို စနစ်တကျစီမံချက်ရေးဆွဲ၍ အချိန် နှင့်တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ထိုသို့စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များစသည်ဖြင့် အားလုံးပါဝင်၍ စနစ်တကျ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားမှုတွင် လေကြောင်းမှတစ်ဆင့် ဝင်ရောက် ခဲ့ခြင်းနှင့် ဖြစ်ပွားမှုများပြားခဲ့သည့် ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ စတင်ခဲ့ရာတွင် နယ်စပ်ဝင်/ထွက် ပေါက်များမှတစ်ဆင့် စတင်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိ ရ၍ လေကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်လာသူများ ထံမှ ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် အဆိုပါနေရာ များတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ နှင့် ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇ စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက် ရန် ဖြစ်ပါကြောင်း။
အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံများနှင့် အခြား အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း ဗိုင်းရပ်စ် များ ဝင်ရောက်ကူးစက်ရာနိုင်ငံ/ ဒေသများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန် တိုးမြှင့် ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ နယ်စပ်ဒေသများ တွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနှင့် RT-PCR ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်း စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး RT-PCR အဖြေ negative ဖြစ်မှသာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ဒေသများသို့ စနစ်တကျပို့ဆောင်ပေးရမည်ဖြစ်ပါ ကြောင်း၊ RT-PCR စက်များကိုလည်း မြဝတီမြို့၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် တပ်ဆင်ထား သကဲ့သို့ အခြားနယ်စပ်မြို့များတွင် ဆက်လက်တိုးချဲ့ တပ်ဆင်သွားမည်ဖြစ်ပါကြောင်း။
စောင့်ကြပ်ကြည့်ရှုသွားမည်
ထို့အတူ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသည့်နိုင်ငံများနှင့် နိုင်ငံတကာတွင် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဝင်ရောက် ကူးစက်ပြန့်ပွားမှုအခြေအနေ၊ နိုင်ငံတကာတွင် ကူးစက် ပျံ့နှံ့နေမှုအခြေအနေနှင့် အဆိုပါမျိုးဗီဇပြောင်းရောဂါ ပိုး၏ ရောဂါကူးစက်ဖြစ်ပွားနိုင်မှု၊ ရောဂါပြင်းထန် နိုင်မှု၊ ရောဂါရှာဖွေရေးနှင့် ကုသမှုတို့အပေါ် သက်ရောက်နိုင်မှုတို့ကို စဉ်ဆက်မပြတ် ဆက်လက် စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါကြောင်း။
အဆိုပါ မျိုးဗီဇပြောင်းရောဂါပိုးများ မိမိတို့ နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနှင့် မိမိတို့ နိုင်ငံတွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခု အဖြစ် ပြင်းထန်စွာ မဖြစ်ပွားစေရေးအတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးရေးလုပ်ငန်းများနှင့် မျိုးဗီဇစောင့်ကြပ်ကြည့်ရှုခြင်း (Genomic Surveillance) လုပ်ငန်းများ၊ ကွာရန်တင်း စင်တာနှင့် ကုသရေးစင်တာများ ကြိုတင်ပြင်ဆင် ထားရှိခြင်းလုပ်ငန်းများ၊ လိုအပ်သော အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာရရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ပြည်သူ့ဆေးရုံ များတွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်နှင့် အောက်ဆီဂျင်ကုထုံး ပေးနိုင်မည့် ခုတင်များကို အရေအတွက်တိုးမြှင့်၍ ကြိုတင်ပြင်ဆင်ထားရှိခြင်းလုပ်ငန်းများ ကောင်းစွာ ရရှိရေး ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း။
ကာကွယ်ဆေးလွှမ်းခြုံမှု
အဓိကအချက်အနေဖြင့် ပြည်သူတို့အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှုများ ကောင်းမွန်စွာတိုးတက် ရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာစေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကျန်းမာ ရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများကို ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့်အတူ အလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ) ဒေါက်တာထွန်းတင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာမိုးခိုင်က ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများအတွက် ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် ဆောင်ရွက် ထားရှိမှုများနှင့် ICU, HDUများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်ထူးဖေနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာ ဌေးဌေးတင်တို့က မျိုးကွဲအသစ် ကိုဗစ်-၁၉ ရောဂါ ပိုး Omicron အား ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေ၊ ဆေးသုတေသနဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း က ကိုဗစ်-၁၉ ရောဂါ မျိုးကွဲအသစ်နှင့်ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေး ထိုးနှံမှုအခြေအနေများနှင့် Quarantine Center များ ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် လေဆိပ်အဝင် အထွက်များတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးတင်ပြကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် သေချာစွာ ပြင်ဆင်ထားခြင်းဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယာယီရပ်နား ထားသော ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများ၊ အသွားအလာကန့်သတ်ထားရှိသည့် Quarantine Center များကို အသင့်အနေအထား ပြန်လည် ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိက ကျသည့် အချက်တစ်ခုမှာ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု မြင့်မားရန်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် မျှော်မှန်းထားသည့် လွှမ်းခြုံမှုရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်သူလူထု အား ဆက်လက်စည်းရုံးဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုဘက်မှလည်း မိမိတို့အားလုံး အတွက် အခွင့်အရေးတစ်ရပ်အနေဖြင့် ရရှိမည့် နိုင်ငံတော်မှ ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လက်လွတ်မခံဘဲ မဖြစ်မနေထိုးနှံ သွားရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက်၊ သတိ ပေးချက်နှင့် ထုတ်ပြန်ကြေညာချက်များကို တိတိ ကျကျ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
တက်ရောက်ဆွေးနွေး
အစည်းအဝေးသို့ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ညွှန်ကြားရေး မှူးချုပ် (ကုသရေးဦးစီးဌာန) ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်