
မြိတ် အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တောင် ချောင်းသည် ပင်လယ်ဒီရေအတက်အကျနှင့် မိုးရေ များကြောင့် သဲများ၊ နုန်းမြေများ ပို့ချခြင်းနှင့် အမှိုက် များ စွန့်ပစ်ခြင်းကြောင့် တိမ်ကောလာလျက်ရှိရာ ရေစီး ရေလာကောင်းမွန်စေရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်)ဖြင့် ယမန်နေ့က စတင်တူး ဖော်လျက်ရှိသည်။
“မြိတ်တောင်ချောင်းဟာ မြေထိန်းနံရံမရှိတဲ့ အတွက် တဖြည်းဖြည်းတိမ်ကောလာပါတယ်။ တံတားနဲ့ချောင်းဟာ ထိလုနီးပါးဖြစ်နေပြီး ရေစီး ရေလာ အခက်အခဲရှိပါတယ်။ စက်မှုဇုန်သွားတဲ့ တံတားကို အခြေပြုပြီး ချောင်းအောက်ပိုင်းကို ရန်ပုံငွေလျာထားမှုအပေါ် မူတည်ပြီး တူးဖော်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်တဲ့အခါမှာ ပင်မရေမြောင်းဖြစ်နေတဲ့ ဒီချောင်းကြီးက ရေစီး ရေလာ အဆင်ပြေမှသာ ရပ်ကွက်အတွင်းက ရေမြောင်းများက ရေတွေလည်း စီးဆင်းနိုင်မှာ ဖြစ်ပါ တယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။
မြိတ်တောင်ချောင်းသည် နှစ်မိုင်ကျော်ရှည်၍ မြိတ်တောင်ကျေးရွာအုပ်စုနှင့် မြိတ်တောင်ရပ်ကွက်ရှိ လူဦးရေထူထပ်သည့် ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိကာ ပင်လယ်ဒီရေရောက်ရှိ ၍ ဒီရေတက်ချိန်နှင့် မိုးရွာသွန်းမှုများသည့် အချိန် တွင် ချောင်းရေလျှံမှုဖြစ်ကာ ရပ်ကွက်လမ်းများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကြောင်း၊ သို့ဖြစ် ၍ ချောင်းတိမ်ကောမှုများဖြစ်နေသည့် နေရာများတွင် ရေစီးရေလာကောင်းမွန်စေရန် ချောင်းတူးဖော်ရေး လုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် ကုန်း/ရေနှစ်တန်သွား ဘက်ဟိုးဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
ခိုင်ထူး(ပြန်/ဆက်)