မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့၌ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

တက္ကသိုလ်များပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် 
ပညာတတ်လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရန် မှာကြား

 

နေပြည်တော်   နိုဝင်ဘာ   ၈


မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်တို့၌ နည်းပြ၊  သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
“နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက် ရန်၊ ဆရာ ဆရာမများ အရည်အ‌သွေးမြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော် တွင်  ပညာတတ်များပေါများအောင်  ဆောင်ရွက်ရန်” အမြဲလမ်းညွှန်လျက် ရှိပါကြောင်း၊   ပညာရေးဝန်ကြီးဌာနအနေဖြင့် အသစ်ခန့်အပ်ခံရသည့် ဆရာ ဆရာမများကို စီမံခန့်ခွဲရေးသင်တန်း၊ သင်ပြနည်းအပါအဝင် ပညာရေးဘာသာရပ် သုံးဘာသာ မွမ်းမံသင်တန်းနှင့် သက်ဆိုင်ရာဘာသာရပ်မွမ်းမံသင်တန်းများကို တစ်လကြာဖွင့်လှစ်ကာ ဆရာ ဆရာမသစ်လွင်များကို အရည်အသွေးမြှင့်တင် ပေးလျက်ရှိပါကြောင်း၊   ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ကို သက်ဆိုင်ရာဘာသာရပ်များ                    


သင်ကြားပေးရုံသာမက  ကျောင်းသား ကျောင်းသူများကလည်း မင်္ဂလာ တရား၊ ဂါရဝတရားနှင့်အညီ ပြောဆိုဆက်ဆံတတ်ရေး၊ မြန်မာ့ယဉ်ကျေးမှု အစဉ်လာများ ဆက်လက်ထိန်းသိမ်းစေရေးအတွက်လည်း အလေးထား ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လူတိုင်း  စည်းကမ်းလိုက်နာမှ   တိုးတက်မည်ဖြစ်၍   ကျောင်းသား   ကျောင်းသူများ    စည်းကမ်း ကောင်းမွန်အောင်    လေ့ကျင့်ပေးစေလိုပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။


လေးစားစွာပြုမူဆက်ဆံ


 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆရာများသည် ထာဝရ ဆရာများဖြစ်သကဲ့သို့ ထာဝရစေတနာ့ဝန်ထမ်းများလည်းဖြစ်သဖြင့် မိမိတို့ထက် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ   ပိုမိုရင့်ကျက်‌သော ဆရာကြီး ဆရာမကြီးများအ‌ပေါ် ဂါရဝတရားရှေ့ထား၍ လေးစားစွာ ပြုမူဆက်ဆံကြရမည်ဖြစ်ပါကြောင်း၊ ဆရာများအနေဖြင့် မိမိကိုယ်ကို ထာဝရကျောင်းသားကြီးများအဖြစ် ခံယူ၍ အမြဲမပြတ် သင်ယူဆည်းပူး လေ့လာနေရမည် ဖြစ်ပါကြောင်း၊  ဆရာများကိုယ်တိုင် စံပြထူးချွန် ထက်မြက်နေမှသာ တပည့်များကိုလည်း   ထူးချွန်ထက်မြက်အောင်  ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊    သင်တန်းအချိန်ကာလ တိုတောင်းသော်လည်း အခွင့်အရေးကို ရယူအသုံးချလျက် မိမိ၏ အရည်အသွေးကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။
ဆရာသည်    စာများများဖတ်ရန်လိုအပ်ပြီး   စာကြည့်တိုက်၊ အင်တာနက် စသည်များတွင် မိမိတို့ကိုယ်တိုင်လေ့လာပြီး တပည့်များ ကိုလည်း သင်ကြား‌လေ့ကျင့်ပေးစေလိုပါကြောင်း၊ မိမိတို့တပည့်များအား တစ်ချိန်တွင် မိမိတို့နေရာ၌  လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်၍ ယခုကတည်းက   အရည်အသွေးရှိအောင်   သင်ကြားပေးကြစေလို ပါကြောင်း၊ လူငယ်များကို ရိုးသားကြိုးစားပြီး လောကကို အလှဆင် နိုင်သူများဖြစ်အောင်  ပျိုးထောင်ပေး‌စေလိုပါကြောင်း၊ မည်သည့် ခွဲခြားမှုမျှမရှိစေဘဲ   သင်ယူမှုအခွင့်အလမ်း   တစ်ပြေးညီရရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်းတစ်ခုစီရှိ၍ တန်ဖိုးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသည့် ပညာရေးမိသားစုများအနေဖြင့် အကြီးနှင့် အငယ် ဆရာနှင့် တပည့် စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အပြန်အလှန် လေးစားတန်ဖိုးထား ဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်း လက်တွဲ‌ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများ အ‌နေဖြင့် ကျောင်းသား ကျောင်းသူများကို စာတတ်အောင်သင်ကြားပေး နိုင်သည့် စာသင်ကောင်းသော ဆရာ ဆရာမများဖြစ်လာစေရန် ကြိုးစား ကြစေလိုပါကြောင်း ပြောကြားသည်။


ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား


ယင်းနောက်   ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက် မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ချီးမြှင့်‌ငွေများကို ထောက်ပံ့ပေးအပ်ရာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ရှမ်းတဲ)သို့    သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ   ကျောင်းဆောင်များ၊  သိပ္ပံလက်‌တွေ့ခန်း၊ စာကြည့်တိုက်၊ ဆရာနားနေဆောင်၊ ရေသန့်စက် စသည်များကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်မှ ပါ‌မောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် မကြာခင်က ရာထူးတိုးမြှင့်ခန့်ထား ခြင်းခံရသည့် ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များပြန်ဖွင့် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် ပညာတတ် လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရန် မှာကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများက သိလိုသည် များမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်သို့  သွားရောက်ကြည့်ရှု၍   အဆောက်အအုံများ မွမ်းမံ တည်ဆောက်ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းကို ယနေ့မှစ၍ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။                                                                
  သတင်းစဉ်