မိတ္ထီလာမြို့နယ်တွင် မိုးနေကြာစိုက်ဧက ၂၀၅၀ ကျော် စိုက်ပျိုးနိုင်ခဲ့ရာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

 

မိတ္ထီလာ   စက်တင်ဘာ   ၂၆


မန္တလေးတိုင်းဒေသကြီး   မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိုးနေကြာစိုက်ဧက ၂၀၅၀ ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက် ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော  နေကြာသီးနှံမှာ   စိုက်ပျိုး ထုတ်လုပ်မှုစရိတ်  နည်းပါးခြင်း၊   စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့်  တစ်ဧက ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့အပြင် သီးထပ်သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့်  ဒေသခံတောင်သူ များ နေကြာသီးနှံကို မိုးဦးနှင့် မိုးနှောင်းရာသီတို့တွင် ပိုမိုစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှ   မြို့နယ် အတွင်း မိုးနေကြာစိုက်ပျိုးရန် စိုက်ပျိုးဧက  ၁၃၄၇ ဧက လျာထားသတ်မှတ်ပြီး မြို့နယ်ဦးစီးမှူး ဦးသက် နိုင်အေးက ကြီးကြပ်ပြီး  စိုက်ပျိုးရေးဝန်ထမ်းများက ဒေသခံတောင်သူများနှင့်  ပူးပေါင်း၍    အထွက်နှုန်း ကောင်းမွန်သည့် နေကြာမျိုးများကို  စိုက်ပျိုးခြင်း၊ အထူးဇုန်စံပြကွက်များ     စိုက်ပျိုးခြင်းများကို အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်။ 


ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်  အထူးဇုန်စံပြကွက် ဧက ၁၀၀ ကို  ကွက်ငယ် ကျေးရွာအုပ်စုတွင်  တောင်သူ ၂၇ ဦးမှ စိုက်ဧက ၅၅ ဧက နှင့် ရေချိုကျေးရွာအုပ်စုတွင် တောင်သူ ၁၇ ဦး မှ စိုက်ဧက ၄၅ ဧကတို့ကို စိုက်ပျိုးထားရှိသည်။ ထို့အပြင် မြို့နယ်အတွင်း အထွက်နှုန်းကောင်းသည့် ဆင်းရွှေကြာ-၂ ၊ရေဆင်း(၁) တို့ကို  စိုက်ပျိုးလျက် ရှိရာ ယနေ့အထိ မိုးနေကြာစိုက်ဧက ၂၀၅၀ ကျော်  စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း  သိရသည်။    

သိန်းမြင့်ကျော်(မိတ္ထီလာ)