မိတ္ထီလာ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် မိတ္ထီလာခရိုင်အတွင်းရှိ တောင်သူဦးကြီးများအား တွေ့ဆုံခြင်းနှင့် မြို့နယ်သုံးခုမှ ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးအစီး ၃၀၀ ထောက်ပံ့ ပေးအပ်ပွဲကို နိုဝင်ဘာ ၁ ရက်က မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ရှိ ပညာပါရမီခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံတောင်သူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။
စိုက်ပျိုးရေးအခက်အခဲများ ဖြည့်ဆည်းပေး
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးအရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး ဆောင်ရွက်နေသော တောင်သူများ စိုက်ပျိုးရေး နည်းစနစ်မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကာ အထွက်နှုန်းများ တိုးရေးအတွက် တောင်သူဦးကြီးများ တွေ့ကြုံနေရသည့်အခက်အခဲ များ ဖြည့်ဆည်းပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်း ဒေသကြီး ဝန်ကြီးများက မိတ်ဆက်စကားပြောကြား ပြီး တက်ရောက်လာသော ဒေသခံတောင်သူများက စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ကျေးရွာတစ်ရွာ လျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် ကျေးရွာ ၃၈ ရွာအတွက် ထောက်ပံ့ငွေကျပ် ၃၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စက်ဘီအစီး ၃၀၀ ထောက်ပံ့
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိတ္ထီလာမြို့နယ်မှ ကျောင်းသား ကျောင်းသူ ၁၀၀ အတွက် စက်ဘီးအစီး ၁၀၀၊ မလှိုင်မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၁၀၀ အတွက် စက်ဘီး အစီး ၁၀၀ နှင့် ဝမ်းတွင်းမြို့နယ်မှ ကျောင်းသား ကျောင်းသူ ၁၀၀ အတွက် စက်ဘီးအစီး ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)



