မြိတ်ခရိုင်၌ ပြည်ပပို့ကုန် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ယခုဘဏ္ဍာနှစ်တွင် ခုနစ်ခုအထိ တိုးချဲ့ဆောင်ရွက်မည်

 

မြိတ်   ဒီဇင်ဘာ   ၁၉


တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်း  အဓိကပြည်ပပို့ကုန် ဖြစ်သည့် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းလေးခုကို ကျွန်းစုမြို့နယ်နှင့် ပုလောမြို့နယ်တို့၌  လုပ်ကိုင်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်   ရေငန် ပုစွန်မွေးမြူရေးလုပ်ငန်း  ခုနစ်ခုအထိ  တိုးချဲ့လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။


မြိတ်ခရိုင်အတွင်း၌ လက်ရှိတွင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော  မြေဧက  ၁၅၀၀  ကျော်ရှိပြီး  ယခုဘဏ္ဍာနှစ် တွင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်ဖြစ်သည်။  


‘‘ကျွန်တော်တို့  မြိတ်ခရိုင်မှာ အဓိကပြည်ပကိုပို့နေတဲ့ ရေထွက် ကုန်လုပ်ငန်းကတော့ ကမ်းဝေးငါးဖမ်းလုပ်ငန်း ဖြစ်ပါတယ်။ ပင်လယ် ပြင်အတွင်း ငါးဖမ်းလုပ်ငန်းက   ရေသယံဇာတကို  ထုတ်ယူသုံးစွဲရတာဖြစ်တဲ့အတွက် အကန့်အသတ် ရှိပါတယ်။   မြိတ်ခရိုင်အတွင်းမှာ  ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းက   ဧကပေါင်း  ၁၅၀၀  ကျော်ရှိပြီး  အခုဘဏ္ဍာနှစ်အတွင်းမှာ    မွေးမြူရေး လုပ်ငန်း  ခုနစ်ခုအထိ  တိုးချဲ့ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု  မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ       ရေထွက်ကုန်တင်ပို့မှုတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ ရေထွက်ကုန်ပစ္စည်း များဖြစ်သည့် ငါး၊ ပုစွန်၊ ကင်းမွန်နှင့် အခြားရေထွက်ကုန်များကို ပြည်ပ သို့ လမ်းကြောင်းငါးခုဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။


‘‘တနင်္သာရီတိုင်းဒေသကြီးကနေ   ထိုင်း နိုင်ငံကို ရေထွက်ကုန်ပစ္စည်း တွေ အဓိကတင်ပို့နေတာကတော့ မြိတ်ခရိုင်မှာရှိတဲ့ မောတောင်နဲ့ ကော့သောင်းတို့ကနေ တင်ပို့နေတာများပါတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအနေနဲ့ကတော့    မောတောင်ကုန်သွယ်ရေးစခန်းကနေ တင်ပို့ပါတယ်။  ကော့သောင်းကနေ  ရနောင်းကို  တိုက်ရိုက်တင်ပို့နေ တာလည်းရှိတယ်။ အခုနှစ်  နိုဝင်ဘာလအတွင်းမှာတော့ ထိုင်းနိုင်ငံကို   ရေထွက်ကုန်ပစ္စည်းတန်ချိန် ၄၄၇၁ ဒသမ ၃၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီလိုတင်ပို့တဲ့အခါမှာ    မြိတ်ခရိုင်အတွင်းမှာရှိတဲ့   မောတောင်ကနေ တင်ပို့နိုင်မှုက ၁၁၄၁ ဒသမ ၃၅ တန်ဖြစ်ပြီး ကော့သောင်းကနေ တင်ပို့ နိုင်မှုက တန်ချိန် ၃၃၃၀ ဖြစ်ပါတယ်။ မောတောင်ကနေ ငါးအမျိုးအစား ၂၀ ကျော်  တင်ပို့တာဖြစ်ပါတယ်။ ကော့သောင်းကတော့ ငါးမှုန့်အခြောက် တင်ပို့နိုင်တာဖြစ်ပါတယ်။    တနင်္သာရီတိုင်းဒေသကြီးက   ထွက်ရှိတဲ့    ရေထွက်ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကို  အဓိကတင်ပို့ နေရပါတယ်’’ဟု     အဆိုပါတာဝန်ရှိသူက ပြောသည်။  


ယခင်နှစ် နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ထိုင်း နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုတွင် မြိတ်ခရိုင် မောတောင် နှင့်    ကော့သောင်းတို့မှ   ရေထွက်ကုန်   ၄၄၇၁  ဒသမ  ၃၅  တန်နှင့် မောတောင်မှ ငါးအမျိုးအစား ၂၀ ကျော် အစိုတင်ပို့ကာ ကော့သောင်းမှ  ငါးမှုန့်အခြောက်များ တင်ပို့ခဲ့ကြောင်း သိရသည်။


တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်ခရိုင် အခြေစိုက်  ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ကမ်းဝေးငါးဖမ်းအစင်းရေ ၁၂၀၀  ကျော် ရှိပြီး  ပင်လယ်ပြင်ငါးဖမ်းလုပ်ကိုင်နေသည့် ကမ်းဝေးငါးဖမ်းလှေ အစင်း ရေမှာ ၉၀၀ ခန့်ရှိကာ လက်ရှိအချိန်တွင်  ငါးဖမ်းလုပ်ငန်းများကို  ပုံမှန် လုပ်ကိုင်လျက်ရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


မြင့်ဦး(မြိတ်)