မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများ၌ အသေးစားဓာတ်အားစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

 

မြိတ်  နိုဝင်ဘာ  ၁၄


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည်  ၁၀ နှစ်နှင့် ၁၅ နှစ်အတွင်း  မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သော ကျေးရွာများအတွက် တစ်အိမ် သုံး  ဆိုလာစနစ်(SHS)နှင့် အသေးစားဓာတ်အားစနစ် (Mini - Grid)တို့ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ၂၀၁၆ မှ ၂၀၂၁ အတွင်း  အသေးစားဓာတ်အားစနစ် ဖြင့်ကျေးရွာပေါင်း ၂၅  ရွာအနက်  ကျေးရွာ ၂၀ ၌   ကျေးလက်မီးလင်းရေးလုပ်ငန်း   ၂၀ ကို  ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့်       ကျန်ငါးရွာတွင်  မီးလင်း ရေးလုပ်ငန်းငါးခုကို ဆက်လက်ဆောင်ရွက်လျက်ရှိ ရာ နိုဝင်ဘာလကုန်တွင် အပြီးသတ်မည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ကျော်ဦး ထံမှ သိရသည်။ 

 


အဆိုပါကျေးရွာ ၂၅ ရွာတွင်  အသေးစားဓာတ်အား စနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက အဆိုပါကျေးရွာများရှိ  အိမ်ခြေ ၈၇၃၇ အိမ်၊​ လူဦးရေ ၅၇၄၅၆ ဦး၊ စာသင်ကျောင်း ၂၈ ကျောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၁၉ ခု၊ ဘာသာ ရေးဆိုင်ရာ အဆောက်အအုံ ၄၀ တို့တွင်   ၂၄  နာရီ  လျှပ်စစ်မီးရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် လမ်းမီး များအတွက် လျှပ်စစ်မီးတိုင် ၁၅၃၃ တိုင်စိုက်ထူပြီး အခမဲ့ထွန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့အပြင်  အသေးစား၊ အလတ်စားနှင့် တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်း ၃၁၅ ခုအထိ တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေး မှူးက ပြောကြားသည်။
ထိုသို့ အသေးစားဓာတ်အားစနစ်ကို  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တစ်မျိုးဖြစ်သော နေရောင်ခြည် စွမ်းအင်မှ   ရယူသုံးစွဲခြင်းဖြစ်ပြီး  နေစွမ်းအင်မှ  ဓာတ်အားထုတ်လုပ်မှု   မလုံလောက်သည့် အချိန် များတွင်သာ  ဒီဇယ်မီးစက်ကို  အရန်ထားရှိသော စနစ်ဖြစ်သောကြောင့် ၂၀၁၉ ခုနှစ်တွင် အာဆီယံမှ ချီးမြှင့်သော Green Energy Award  ဆုကို ပုလော မြို့နယ်     ခန္တီကျွန်းအသေးစားလျှပ်စစ်ဓာတ်အား လုပ်ငန်းက     ရရှိခဲ့ကြောင်း    ၎င်းက  ဆက်လက်  ပြောသည်။

 


ခန္တီကျွန်းမီးလင်းရေးကော်မတီဝင် ဦးဝင်းသူက “ကျွန်တော်တို့  ခန္တီကျွန်းမှာ ကျေးရွာလေးရွာရှိပါ တယ်။  ကျေးရွာတွေအားလုံး   ဆိုလာမီးလင်းရေး လုပ်ငန်းနဲ့ လျှပ်စစ်မီးရနေပါတယ်။ အရင်တုန်းက ဘက်ထရီမီး၊ အင်ဂျင်စက်မီးများနဲ့သာ အချိန်ပိုင်းရပါ တယ်။ အခုကတော့ ဆိုလာနဲ့ ၂၄ နာရီလျှပ်စစ်မီး ရရှိနေပါပြီ။ ခန္တီကျွန်းပေါ်မှာ ၂၄ နာရီ ဆိုလာ လျှပ်စစ်မီးရရှိတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့အပြင်  လူနေမှုအဆင့်အတန်းအားလုံး   မြင့်မားလာပါတယ်။ ဒါ့အပြင် တစ်ပိုင်တစ်နိုင် စီးပွား ရေးလုပ်ငန်းတွေဖြစ်တဲ့  ဝပ်ရှော့၊   ပရိဘောဂ၊ အလှပြင်ဆိုင်၊  TV ပြင်ဆိုင်၊   မုန့်လုပ်ငန်းများကို   လည်း ဆောင်ရွက်နိုင်တဲ့အတွက် အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေတိုးပွားရရှိနေပါတယ်”ဟု ပြောသည်။

 


မြိတ်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ နှစ်အထိ ကျေးရွာပေါင်း ၂၅၁ ရွာ၌   တစ်အိမ်သုံး ဆိုလာစနစ်ဖြင့်   ကျေးလက်မီးလင်းရေးလုပ်ငန်း များ  ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍  အိမ်ခြေ ၁၅၅၇၀၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ၂၈၈ လုံး၊ ပညာ ရေးဆိုင်ရာအဆောက်အအုံ ၁၉၅ လုံး၊ ကျန်းမာရေး ဆိုင်ရာအဆောက်အအုံ ၄၇ လုံးအတွက် မီးရရှိပြီဖြစ် ကာ  လမ်းမီးတိုင် ၁၃၇၃ တိုင်ကိုလည်း တပ်ဆင်ပေးခဲ့ ကြောင်း သိရသည်။

 


မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်       နောင်လာမည့်ဘဏ္ဍာနှစ်  တွင်   စီမံကိန်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ခရိုင်အတွင်းမှ    ကျေးရွာပေါင်း ၃၀၂  ရွာ၌လည်း အသေးစားဓာတ်အားစနစ်ဖြင့်         ဆောင်ရွက် နိုင်ရေး       စိစစ်လျက်ရှိပြီး    ဘဏ္ဍာနှစ်အလိုက်     ခွင့်ပြုရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမည့်      လုပ်ငန်းရှင် များပါဝင်မှုအပေါ်မူတည်၍  ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရဿည်။              


မြင့်ဦး(မြိတ်)