
နေပြည်တော် ဇန်နဝါရီ ၁၀
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကုလားထိပ် ကျေးရွာနေ မြတ်ကိုနှင့် သိန်းဦးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နေ မ xxx ၊ ၁၈နှစ်နှင့် မ xxx ၊ ၂၀ နှစ်တို့ကို တရုတ် နိုင်ငံတွင် ကလေးထိန်းသည့်အလုပ် လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် တစ်သိန်းရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ဖျာပုံမြို့နယ် ဒေါ်ညိမ်းနယ်မြေ ရဲစခန်း(ပ) ၁၄၂/ ၂၀၁၉၊ (ပ) ၁၅၇/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၅ ရက်တွင် တရားခံ မြတ်ကိုအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် ပေါင်းနှစ် ၂၀၊ တရားခံ သိန်းဦး ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်