မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ကောင်းမွန်စွာအသုံးချပြီး  နိုင်ငံတော်နှင့်တပ်မတော်အတွက် “သမားဇာနည် အောင်စစ်သည်များ” ဖြစ်အောင် ကြိုးစား

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၀
တပ်မတော်ဆေးတက္ကသိုလ်၊  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)   သင်တန်းဆင်း    ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ရှိ  အဆိုပါ  တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ   အခမ်းအနားသို့  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး   ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူမောင်မောင်ကျော်၊    ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊    ပြည်ထောင်စုဝန်ကြီးများ၊      ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊     ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး၊     ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ်  ခေတ္တကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က   ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မဟာသရေ စည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင်က   တပ်မတော်ဆေး တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)မှ  အောင်စစ်သည်ဆုရရှိသူ  ဗိုလ်လောင်း ဇေယျာမျိုးနောင်၊  လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ  ဗိုလ်လောင်း မြတ်မင်းသူနှင့် စာပေထူးချွန် ဆုရရှိသူ  ဗိုလ်လောင်း ဆက်နိုင်အောင်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က  သင်တန်းဆင်းမိန့်ခွန်းပြော ကြားရာတွင် ကောင်းမြတ်သည့် အစဉ်အလာများနှင့် သန္ဓေတည်အစပြုခဲ့သည့် တပ်မတော် တွင်  မွန်မြတ်သည့်  အစဉ်အလာကောင်းများရှိသည့်  တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များအဖြစ်                            တာဝန်ကျေပွန်စွာ     ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့်     “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော  လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိ ကောင်းများ မွေးထုတ်ပေးရန်”ဟူသည့် ရည်ရွယ်ချက် နှင့်အညီ    တပ်မတော်အရာရှိ   ဆရာဝန်များကို စဉ်ဆက်မပြတ်      မွေးထုတ်ပေးလျက်ရှိသည်မှာ သင်တန်းဆင်းအရာရှိ    စုစုပေါင်း    ငါးထောင်ခန့် မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း။
နိုင်ငံတော်နှင့်တပ်မတော်ကို အလုပ်ကျွေးပြု
တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် ဆေးတပ်ဖွဲ့အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက  ပြည်သူလူထုကိုပါ ရောဂါ ကာကွယ်ရေးဆိုင်ရာ  အသိပညာပေးမှုများ၊ ကုသမှု ပေးမှုများ၊   ကပ်ရောဂါဆိုင်ရာ ကြိုတင် ကာကွယ်ရေး တာဝန်များကို  လက်ဆင့်ကမ်းကြိုးပမ်းထမ်းဆောင် ကြရတော့မည်ဖြစ်ကြောင်း၊  ထို့ကြောင့် တပ်မတော် ဆေးတက္ကသိုလ်က  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလိုက်သည့်   ဆေးပညာရပ်များကို   အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်ကို  အလုပ်ကျွေးပြုကြရန် အလေးထားမှာကြားလိုကြောင်း။
စစ်မြေပြင်တွင် တပ်စုအဆင့်ကို ဦးဆောင်
တပ်မတော်အရာရှိ    ဆရာဝန်များဖြစ်ကြသည့် အတွက်    စစ်သည်တော်ကောင်း   စိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်   နှစ်မျိုးစလုံးပြည့်စုံနေ ရန်လိုကြောင်း၊    တပ်မတော်ဆေးတက္ကသိုလ်က အရာရှိငယ်များတွင်    ပြည့်စုံရမည့်   ကိုယ်ကာယ ကြံ့ခိုင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းကမ်း ရှိမှု၊    တာဝန်များကို    ပင်ပန်းကြီးစွာ   မည်မျှပင် ထမ်းဆောင်ရစေကာမူ ခံနိုင်ရည်ရှိပြီး  မလျှော့သော ဇွဲသတ္တိဖြင့် လုပ်ဆောင်တတ်မှုများအပြင် စစ်မြေပြင် တွင် တပ်စုအဆင့်ကိုဦးဆောင်နိုင်သည့် စစ်ပညာများ ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။
ကိုယ်ချင်းစာနာမှုများ ထားရှိဆောင်ရွက်
ထိုသို့ လေ့ကျင့်သင်ကြားပေးခဲ့ရာတွင်   စစ်သည် တော်ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး     မိမိတို့ တပ်မတော်၏    Code Of Conduct    သဘော သက်ရောက်သည့်          ပြဋ္ဌာန်းချက်များဖြစ်သည့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကို    တိကျစွာ လိုက်နာတတ်စေရန်    လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်းစိတ်ဓာတ်ရှိစေရေး ဆေးပညာရပ် များအပြင် ဆေးပညာကျင့်ဝတ်နှင့်ညီသည့် သမား ကောင်းများထားရှိရမည့် စိတ်ဓာတ်၊  ခံယူချက်များ ကောင်းမွန်စေရေး    လေ့ကျင့်ပေးခဲ့ပြီးဖြစ်သဖြင့် လက်တွေ့နယ်ပယ်    တာဝန်ထမ်းဆောင်ရာတွင် အကျိုးရှိစွာအသုံးချရန်မှာကြားလိုကြောင်း၊ ထို့ပြင် ဆရာဝန်များအဖြစ် ဘွဲ့အပ်နှင်းချိန်တွင် ရွတ်ဆိုကြ ရမည့်   ဆရာဝန်များ အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက် ကို   အခြေခံကျင့်ဝတ်အနေဖြင့်    အမြဲစောင့်ထိန်း လိုက်နာပြီး    လူနာများအပေါ်တွင်     စေတနာ၊ အကြင်နာ၊ ကရုဏာဖြင့် ကိုယ်ချင်းစာနာမှုများ ထား ရှိ ဆောင်ရွက်ပေးသွားရန် မှာကြားလိုကြောင်း။
လူသားတိုင်းသည်    သက်ရှည်ကျန်းမာသည့် ဘဝကို    လိုလားတောင့်တမျှော်လင့်ကြကြောင်း၊ ထိုသို့ သက်ရှည်ကျန်းမာသည့် ဘဝကိုရရှိရန်အတွက် မိမိကိုယ်ကို အသိဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ သကဲ့သို့ တစ်ဖက်မှလည်း  ကျန်းမာရေးဝန်ထမ်းများ ၏  ကျန်းမာရေးစောင့်ရှောက်မှု      အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊   ကျန်းမာရေးစောင့်ရှောက် မှုပေးရာတွင် ကုသမှုတစ်ခုတည်းမဟုတ်ဘဲ  ရောဂါ ဖြစ်ပွားမှု       ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  လူတိုင်း ကျန်းမာစေရန်အတွက် “ကျန်းမာသော  လူနေမှုပုံစံ (Healthy lifestyle) ဖြင့် နေထိုင်ခြင်း”၊  “ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး   (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ    ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်း” နှင့်       “ရောဂါတစ်ခုချင်းစီအလိုက် ကာကွယ်ရေးနည်းလမ်းများကို  လိုက်နာကျင့်သုံး ခြင်း” စသည့် ကျန်းမာရေးပညာပေးလုပ်ငန်းများ ကို       မဖြစ်မနေ     လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရောဂါအသစ်အဆန်းများနှင့်    တိုးတက်လာ သော   ဆေးသိပ္ပံပညာရပ်များကို    စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ တစ်ချိန် တည်းတွင်      ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင် နေကြရမည်ဖြစ်ကြောင်း။ 
 ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွင်လည်း အားနည်း
မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊      ကုလသမဂ္ဂလူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်   မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့အဆင့်တွင် ၁၅၁၊   အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၆၊ အာဆီယံနိုင်ငံများတွင် အဆင့် ၁၀ ရှိသဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း၊     မျှော်မှန်းသက်တမ်းကို အခြေခံတွက်ချက်ရာတွင်      ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝအခြေအနေများ၊ ပညာသင်ကြားမှု အခြေအနေများ၊ လူမှုစီးပွားဘဝအခြေခံများ၊ လူနေ မှုပုံစံများ၊   ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိကထား  တွက်ချက်ခြင်းဖြစ်ကြောင်း၊   ထို့ပြင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက  မိမိတို့နိုင်ငံသားများ ၏    ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွင်လည်း   အားနည်းလျက် ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း       တိုးမြှင့်နိုင်ရန်အတွက် စားသောက်မှု၊  နေထိုင်မှု၊     ပညာတတ်မြောက်မှု၊ စီးပွားရေးမြှင့်တင်နိုင်မှုများ ပြုပြင်ပြောင်းလဲမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
 လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ကူညီ
မိမိတို့တပ်မတော်၏    အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့် ရေး တာဝန်နှင့်   ပြည်သူ့အကျိုးပြုလုပ်ငန်း   တာဝန် များကို ထမ်းဆောင်သည့်နေရာတွင် မိမိတို့ရောက်ရှိ တာဝန်ကျရာ  နေရာဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအပြင်    လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
အစဉ်အလာကောင်းများပင်ဖြစ်
ထိုသို့   ဆောင်ရွက်ပေးခြင်းသည်   နိုင်ငံတော် အတွက်     ကျန်းမာရေးဝန်ထမ်း    လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်ဆည်းပေးခြင်း ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝ   ရှင်သန်အောင်မြင်ရေးအတွက်     တစ်ဖက် တစ်လမ်းက   တတ်နိုင်သလောက် ကူညီလုပ်ဆောင် ပေးနေခြင်းဖြစ်ပြီး   ဆေးဝန်ထမ်းတပ်ဖွဲ့၏ မွန်မြတ် သည့် အစဉ်အလာကောင်းများပင်ဖြစ်ကြောင်းနှင့် ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
တပ်မတော်သား   ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ သည်   တပ်မတော်သားများနှင့်   မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုသာမက တစ်နိုင်ငံ လုံးအနှံ့ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု  လုပ်ငန်းများကို   နေရာမရွေး၊ အချိန် မရွေး၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ  ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ       ဆောင်ရွက်ပေးနိုင်ရန်အတွက်  တပ်မတော်နယ်လှည့်     ဆေးကုသရေးအဖွဲ့များ စေလွှတ်ပြီး   နိုင်ငံတော်၏    ကျန်းမာရေးကဏ္ဍကို လိုအပ်သည့်နေရာများတွင်  ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊    ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင်   ကျန်းမာရေးနှင့်  ပတ်သက် သည့်   အသိပညာဗဟုသုတနည်းပါးပြီး    လွဲမှားစွာ နားလည်နေမှုများရှိသည့်အတွက်     ကျန်းမာရေး အသိပညာပေးမှုများကို     ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ထိုသို့ ဆောင်ရွက် ပေးနေခြင်းများသည်   မိမိတို့တပ်မတော်အနေဖြင့် ပြည်သူလူထု  အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရန်ဟူသည့်    နိုင်ငံတော်ကာကွယ်ရေးတာဝန် တစ်ရပ်ကို   အောင်မြင်စွာ   ထမ်းဆောင်နေခြင်းဖြစ် ကြောင်း။
လူမှုစီးပွားဘဝကို အကြီးမားဆုံးခြိမ်းခြောက်
လက်ရှိမျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်နေကြရသည့်   ကိုဗစ်-၁၉ ကပ်ရောဂါသည် မျက်မှောက်လူသားမျိုးနွယ်စုတစ်ခုလုံး၏    ဦးတည် ရန်သူဖြစ်လာသကဲ့သို့   နေ့စဉ်   လူမှုစီးပွားဘဝကို အကြီးမားဆုံး ခြိမ်းခြောက်နေသည့်    ကပ်ရောဂါ တစ်ခုဖြစ်ကြောင်း၊   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအတွက် စိန်ခေါ် မှုများ၊     ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဖိအားများ၊ ဝန်ထုပ်ဝန်ပိုးများနှင့်    ရင်ဆိုင်ခဲ့ရပြီး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် စိန်ခေါ်မှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ ရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉  ကူးစက်ရောဂါသည် မြန်မာနိုင်ငံတွင် ပထမလှိုင်း၊ ဒုတိယလှိုင်း၊   တတိယလှိုင်း စသည်ဖြင့် ဖြစ်ပွားခဲ့ပြီး    တတိယလှိုင်းတွင်    ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ  မြင့်မားခဲ့ကြောင်း၊   ထိုသို့ဖြစ်ခဲ့ ရခြင်းမှာ    ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    စည်းမျဉ်း စည်းကမ်းများကို     လိုက်နာမှု   အားနည်းခြင်း၊ တစ်ကမ္ဘာလုံးအနေဖြင့်     ကူးစက်မြန်   ဗီဇပြောင်း ဒယ်တာမျိုးကွဲများ  ပျံ့နှံ့ရောက်ရှိလာခြင်း၊ ဆေးဝါး နှင့် အထောက်အကူပြုပစ္စည်းများ မပြည့်စုံမှုများ ကြောင့်   ကိုဗစ်-၁၉ တတိယလှိုင်းကို   အခက်အခဲ များစွာနှင့်   ရင်ဆိုင်ခဲ့ရသည်ကို   အားလုံးအသိပင် ဖြစ်ကြောင်း။
တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့်  ကြုံတွေ့နေရသည့်အချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့   အချို့သော ဆရာဝန် များနှင့်   ကျန်းမာရေးဝန်ထမ်းများသည်    သမား ကောင်းကျင့်ဝတ်များကို   မျက်ကွယ်ပြုကာ   မိမိတို့ တာဝန်ကျရာဆေးရုံ၊  ဆေးပေးခန်းများကို   စွန့်ခွာ သွားကြသည့်    ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် လူနာများမနိုင်မနင်းဖြစ်ကာ   အသက်မဆုံးရှုံးသင့် သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့သည်ကို မြင်တွေ့ခဲ့ရ မည်ဖြစ်ကြောင်း၊ အဆိုပါကာလများတွင်  ကျန်းမာ ရေးဆိုင်ရာ  ထိခိုက်နစ်နာမှုများ    ကြုံတွေ့ခဲ့ရပြီး အဓိက ဆုံးရှုံးနစ်နာရသူများသည်   သာမန်ပြည်သူ လူထုများသာ ဖြစ်ကြောင်း၊      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ   ဆောင် ရွက်သည့်နေရာတွင်    ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန် ထမ်းတပ်ဖွဲ့ဝင်များ၊     ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများ တက်ကြွစွာ  ပူးပေါင်းဆောင် ရွက်ခဲ့မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။ 
ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ
ထို့ပြင် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင် မျှော်တွေးပြီး ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များကို    အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက်    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက  ဆောင်ရွက်နေသည့်  လုပ်ငန်းများ တွင်     တပ်မတော်အနေဖြင့်  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေးတွင်   အရေးကြီးဆုံး လုပ်ငန်းဖြစ်သည့်     ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းအတွက်    ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော်ရရှိအောင်  ဆောင်ရွက်ခဲ့ပြီး ကာကွယ် ဆေးထိုးနှံမှုကို   ယခုလအကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ  ထိုးနှံပေးနိုင်ရေး   ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။
 တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါသည်   လုံးဝပျောက်ကင်းသွား မည်မဟုတ်ဘဲ    အတူယှဉ်တွဲနေထိုင်ရမည့်   ရောဂါ တစ်ခုဖြစ်သဖြင့် ကုသရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်း များအပြင်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင်ပါ   တပ်မတော်အနေဖြင့် အရေးပါသည့် အခန်း ကဏ္ဍတွင်      ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ကျရာနေရာဒေသ  အသီးသီးကို ရောက်ရှိသည့်အခါတွင်    ကိုဗစ်-၁၉   ကပ်ရောဂါ ကာကွယ်ကုသရေးတာဝန်များကို         တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်     အသိပေး မှာကြားလိုကြောင်း။
ပြည်သူလူထု၏   ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် အတိုင်း   တပ်မတော်အနေဖြင့်လည်း   ပြည်သူလူထု အတွက်  ပိုမိုကောင်းမွန်သည့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပေးနိုင်ရန်၊ ဆေးသိပ္ပံပညာရပ် ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ
ဆေးသိပ္ပံပညာရပ်သည်   ခက်ခဲသည့်ပညာရပ် တစ်ခုဖြစ်သည့်အတွက်   သင်ကြားရေးဆရာများ၏ အရည်အသွေးပြည့်ဝမှု၊    သင်ထောက်ကူပစ္စည်း ပြည့်စုံမှု၊    သင်ယူသူများ၏    စိတ်ပါဝင်စားမှုနှင့် ထိုးထွင်းဉာဏ်ပြည့်ဝမှု      စသည်များပြည့်စုံမှသာ အရည်အချင်းနှင့်      အရည်အသွေးပြည့်ဝသည့် တပ်မတော်သား   ဆရာဝန်ကောင်းများ   ထွက်ပေါ် လာမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော် ဆေးတက္ကသိုလ်သည်   ကမ္ဘာ့ဆေးပညာသင်ကြား ရေးအဖွဲ့အစည်း (World Federation for Medical Education- WFME) ၏  အသိအမှတ်ပြုစာရင်းတွင် ပါဝင်ပြီးဖြစ်သလို နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ  ဆေးပညာရပ်များကို သင်ကြားပေးလျက် ရှိနေကြောင်း။
မလျှော့သောဇွဲလုံ့လနှင့် ကြိုးစား
ထို့ပြင်   နိုင်ငံတကာဆေးတပ်ဖွဲ့များ၏    စွမ်း ဆောင်ရည်များကို   လေ့လာအကဲခတ်ပြီး   အခြား နိုင်ငံများနှင့်    ရင်ပေါင်တန်းနိုင်အောင်   မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာနှင့်  ပတ်သက်ပါက  တိုးတက် သင်ယူချင်စိတ်မွေးရမည်၊  မလျှော့သော ဇွဲလုံ့လနှင့် ကြိုးစားကြရမည်၊ မိမိတို့တတ်ကျွမ်းသည့် ဆေးပညာ ရပ်များကို  လက်တွေ့နယ်ပယ်တွင်   ကောင်းမွန်စွာ အသုံးချပြီး    နိုင်ငံတော်နှင့်   တပ်မတော်အတွက် “သမားဇာနည် အောင်စစ်သည်များ”   ဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။
ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်
တပ်မတော်သားဆရာဝန် ခေါင်းဆောင်ငယ်များ အဖြစ်   တပ်ဖွဲ့တာဝန်ကို   ထမ်းဆောင်ကြရတော့ မည်ဖြစ်ကြောင်း၊    မိမိတို့လက်အောက်ငယ်သား များကို ကွပ်ကဲအုပ်ချုပ်ရာတွင် မိမိကိုယ်တိုင် ကိုယ် ကျင့်တရားကောင်းမွန်ပြီး   မှန်ကန်သည့်  ပြောဆို နေထိုင်မှု၊ မျှတသည့်အမိန့်ပေးမှု၊  စိတ်ရင်းစေတနာ ကောင်းမွန်မှု၊   မိမိကိုယ်တိုင်    အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှု၊ တာဝန်သိမှုနှင့်တာဝန်ယူမှု၊ ရဲရင့်ပြတ်သားသည့်   ဆုံးဖြတ်ချက်ချမှတ်နိုင်မှု စသည့်   ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည် အချင်းကိုအသုံးပြုပြီး       ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ် ကြောင်း။                                    
မိမိတို့ကိုယ်တိုင်    နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို      ထမ်းဆောင်နေကြရသည့်အပြင် နိုင်ငံတော်ကာကွယ်ရေးအတွက်    အသက်စွန့် ထမ်းဆောင်နေကြသည့်  တပ်မတော်သားတိုင်းကို ကာကွယ်ကုသပေးနေကြရခြင်း ဖြစ်သည့်အတွက် မွန်မြတ်သော အခြေခံစိတ်ဓာတ်ကောင်းများရှိပြီး ဖြစ်ကြောင်း၊ ထိုအခြေခံစိတ်ဓာတ်ကောင်းများကို ခိုင်မာအောင် တည်ဆောက်ပြီး စည်းကမ်းပြည့်ဝသည့် တပ်မတော်သားတစ်ယောက်ဖြစ်စေရေး မိမိကိုယ် မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် အရာရှိ ဆရာဝန်တစ်ယောက် ဖြစ်လာရန်အတွက် နိုင်ငံတော်နှင့်တပ်မတော်က   အချိန်နှင့်  ငွေကြေး အကုန်အကျခံပြီး လေ့ကျင့်ပျိုးထောင်ပေးခဲ့သကဲ့သို့ မိဘများ၏   မျှော်လင့်ချက်နှင့်   မိမိတို့၏  ကိုယ်စီ ဘဝများ  တိုးတက်မြင့်မားရေးအတွက်  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး    ပညာရည်ပြည့်ဝသည့် ဆရာဝန်ကောင်း၊ စစ်ဘက်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး မိမိကိုယ်ကိုထိန်းသိမ်းပြီး ကြိုးစား သွားကြရမည်ဖြစ်ကြောင်း။
အောင်မြင်မှုများရရှိနိုင်မည်
လူတိုင်းတွင် မျှော်မှန်းစိတ်များရှိကြပြီး ကြီးပွား တိုးတက်လိုစိတ်များရှိကြကြောင်း၊       မိမိဘဝ အောင်မြင်တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာ တွင် အဓိကလိုအပ်ချက်သည် ရောင့်ရဲတင်းတိမ်တဲ့ စိတ်နှင့် တိုးတက်အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစားဆောင်ရွက်လိုစိတ်   မွေးမြူခြင်းပင်ဖြစ် ကြောင်း၊ ရောင့်ရဲတင်းတိမ်စိတ်သည် လူတစ်ဦးကို မတော်လောဘစိတ်များ မဖြစ်စေရန် တားမြစ်နိုင်ပြီး ရိုးဂုဏ်သည် လူတစ်ဦးကို ထာဝရတန်ဖိုးရှိနေစေမည် ဖြစ်သည်ကို မမေ့မလျော့ကြရန်လိုကြောင်း၊ ရောင့်ရဲ တင်းတိမ်သည့်စိတ်ဖြင့်    ရိုးသား၊   ကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး   မိမိဝင်ငွေနှင့်   ထွက်ငွေ မျှတအောင်   နေထိုင်သွားကြရန်   လိုအပ်သကဲ့သို့ မိမိတို့၏ကြိုးစားမှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာ ရေး   ကောင်းမွန်အောင်  နေထိုင်စားသောက်မှုများ အပေါ်မူတည်ပြီး   အောင်မြင်မှုများရရှိနိုင်မည်ဖြစ် ကြောင်း၊    ထို့ကြောင့်   အသိတရား၊   သတိတရား လက်ကိုင်ထားပြီး   မိမိတို့၏  ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို အသုံးချကာ မိမိတို့ တာဝန်ထမ်းဆောင်သည့်တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်  အကျိုးစီးပွားတိုးတက်အောင်  တာဝန် ကျေပွန်စွာ  ထမ်းဆောင်ကြရန်နှင့်  နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိသွားရန် အလေး အနက်ထား မှာကြားလိုကြောင်း။
ကျင့်ကြံကြိုးစား
တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လက်ရုံး ရည်၊    နှလုံးရည်ပြည့်ဝသည့်   ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများအဖြစ် နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက်     ကြိုးပမ်း ဆောင်ရွက်ကြရန်၊    စစ်သည်တော်ကျင့်ဝတ်နှင့်  ဆေးပညာကတိသစ္စာများကို လေးလေးနက်နက် စောင့်ထိန်းလိုက်နာပြီး     စစ်သည်တော်ကောင်း၊ ဆရာဝန်ကောင်းတစ်ဦးအဖြစ် စေတနာ၊ မေတ္တာထား ကာ  စွမ်းစွမ်းတမံ  စောင့်ရှောက်ကုသပေးကြရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏       ရည်မှန်းချက်ဖြစ်သည့် ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန်ဆိုသည့်     ဆောင်ပုဒ် အတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် နေကြသည့် တပ်မတော်သားအားလုံး ကျန်းမာကြံ့ခိုင် ပြီး ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်စေရန် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ် များနှင့်  စောင့်ရှောက်ကာကွယ်သွားကြရန်၊  မိမိ ကွပ်ကဲရသည့်တပ်ဖွဲ့ကို မှန်ကန်သည့်ခေါင်းဆောင် မှုပေးပြီး စစ်စည်းကမ်းများကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့်  တပ်မတော်က   အားထားရသည့် ဆေးသိပ္ပံပညာရှင် စစ်သည်တော်ကောင်းများဖြစ် အောင်  ကျင့်ကြံကြိုးစားသွားကြရန်၊  တပ်မတော် ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် သမားဇာနည် အောင်စစ်သည် ဆိုသည့်အတိုင်း    နိုင်ငံတော်နှင့် တပ်မတော်က  ဂုဏ်ယူရသည့် လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝသည့် တပ်မတော်သားကောင်း၊ ဆရာဝန် ကောင်းများဖြစ်အောင်  ကြိုးစားကျင့်ကြံ  နေထိုင် သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
အလေးပြုခြင်းကိုခံယူ
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည်  တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို  တွေ့ဆုံ၍  ဂုဏ်ပြုအမှာစကား ပြောကြားသည်။
တာဝန်ကျေပွန်စွာပြုစုကုသ
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက်    မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သင်တန်း ကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက် ရှိစွာဖြင့်    အစဉ်တစိုက်    ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို   ထိန်းထိန်းသိမ်းသိမ်းနှင့်   နေထိုင်ခဲ့မှု ကြောင့်      ထူးချွန်ဆုများ     ရရှိခဲ့ခြင်းဖြစ်သဖြင့် ကောင်းမွန်သည့်   အခြေခံကောင်းများရှိခဲ့ပြီးဖြစ် ကြောင်း၊     ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝ ခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ရည်မှန်းချက် များ    မပျောက်ပျက်၊   မယိမ်းယိုင်စေရေးအတွက် အသိတရား၊   သတိတရား၊  ရောင့်ရဲတင်းတိမ်စိတ် တို့ဖြင့် မိမိကိုယ်ကို ထိန်းကျောင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆုရဗိုလ်လောင်းတို့၏ မိဘများ မှာ သာမန်နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပိုမိုဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ သို့ဖြစ်၍ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန်သင်ပေးခဲ့သည့်  မိဘများ၏စကားကို နားထောင် ခြင်းအားဖြင့်  ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိ ပညာများနှင့်  အတတ်ပညာများကို သင်ကြားပေး လိုက်သည့်  တပ်မတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်း    ပီသစွာ     နေထိုင်ကျင့်ကြံခြင်း၊ ခေါင်းဆောင်တစ်ယောက်      အနေဖြင့်သာမက တပ်မတော်သားများနှင့်   မိသားစုဝင်များအား တာဝန်ကျေပွန်စွာပြုစုကုသ အလုပ်အကျွေးပြုခြင်း အားဖြင့်လည်း ကျေးဇူးသိတတ်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ပြည့်မြောက် စေရေးအတွက်    မိမိကိုယ်ကို     စောင့်ထိန်းမှု၊ ကြိုးစားအားထုတ်မှုတို့ဖြင့်   ပေါင်းစပ်ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့    အမျိုး၏ဂုဏ်ကို   ထိန်းရမည်၊ ရိုးသားမှုဂုဏ်ကို     ထိန်းရမည်၊      စစ်သားကောင်း တစ်ယောက်၏ဂုဏ်ကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့်      ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                               သတင်းစဉ်