
နေပြည်တော် အောက်တိုဘာ ၃၁နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာကဏ္ဍများမှတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီး ကော်မတီဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ နာယက ဦးမောင်မောင်လတ်တို့နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတရပ်ဝန်းမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာ ရှင်များ တက်ရောက်ကြသည်။
သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းများဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့ အစည်းများသည် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်း များဖြစ်ကြောင်း၊ မိမိတို့သည် အမွေဆက်ခံသည့်သူ များဖြစ်ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် စာပေနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်များနှင့် အနုပညာနှင့်ပတ်သက်သည့် ပုဂ္ဂိုလ် များက လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ရာ၌ လှုံ့ဆော်မှုများတွင် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်း တိုင်းပြည်ငြိမ်းချမ်းရေးအတွက် လှုံ့ဆော် တိုက်တွန်း ဆောင်ရွက်ပေးခဲ့မှုများရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ချိန်တွင်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့အစည်းများအားလုံးသည် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ တွင် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ခဲ့ကြသကဲ့သို့ လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်းတွင်လည်း နိုင်ငံ တိုးတက်ရေးအတွက် အစိုးရ၏ မူဝါဒများအပေါ် မူတည်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း၊ အနုပညာ ရှင်များအားလုံးသည် ပြည်သူများအားလုံး၏ Motivation စိတ်ခံစားမှုများကို တက်ကြွအောင် ဆောင်ရွက်ပေးပြီး ခေတ်ရေစီးကြောင်းတွင် ပါဝင် လာအောင် ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပြည်သူလူထုကို ဖျော်ဖြေရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသား ရေး စရိုက်လက္ခဏာများကို ထိန်းသိမ်း၍ နိုင်ငံ၏ ရေစီးကြောင်းပေါ်တွင်ပါလာအောင် ဆောင်ရွက်ခဲ့ကြ ကြောင်း။
ဆောင်ရွက်ခဲ့ကြ
အနုပညာရှင်(ဝါဂီနစ်)များသည် နိုင်ငံ၏အကျိုး ကို ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး သမိုင်းမှတ်တမ်း များအရလည်း နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြသည် ကို တွေ့မြင်ရမည်ဖြစ်ကာ ခေတ်၏လိုအပ်ချက်များ အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုပ်ရှင် အစည်းအရုံးတွင်“ရုပ်ရှင်သည် ပြည်သူ့အတွက်”၊ ဂီတအစည်းအရုံးတွင် “ဂီတစွမ်းအား ပြည်ထွန်းကား”၊ စာနယ်ဇင်းကောင်စီတွင် “စာပေမြင့်မှ လူမျိုးတင့် မည်”၊ သဘင်အစည်းအရုံးတွင် “အမျိုးသားရေး အတွက် သဘင်၊ နိုင်ငံဆည်းလည်း သဘင်၊ ပြည်သူ့ အသဲစွဲ သဘင်” ဟူ၍ ဆောင်ပုဒ်များရှိပြီး အဆိုပါ ဆောင်ပုဒ်များအရ အားလုံးမှာ တိုင်းပြည်အတွက် ဆောင်ရွက်သည့် ရည်ရွယ်ချက်များပင်ဖြစ်ကြောင်း၊ ယခုအခါ စာပေနှင့်ပတ်သက်၍ ပုံနှိပ်မီဒီယာများ၏ အခန်းကဏ္ဍကျဆင်းလာပြီး အွန်လိုင်းမီဒီယာများ၏ အခန်းကဏ္ဍများ စိုးမိုးလာသည်ကိုတွေ့ရကြောင်း၊ အလားတူ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ရုပ်ရှင်ကြီးများ ၏ အခန်းကဏ္ဍကျဆင်းလာသကဲ့သို့ ဂီတနှင့် ပတ်သက်၍လည်း အနောက်နိုင်ငံများ၏ ဂီတများ လွှမ်းခြုံလာသည်ကို သတိပြုမိကြောင်း၊ စာဖတ်မှုများ အားနည်းလာပြီး စာကောင်းပေမွန်များမှရရှိသည့် ကောင်းမွန်သည့်အသိများ နည်းလာခြင်းကြောင့် လူများ၏ တုံ့ပြန်မှုမှာလည်း ပြောင်းလဲလာကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်စေရန်အတွက် ပညာရေးစနစ်ကောင်းမွန်ရန် လိုကြောင်း၊ ပညာတတ်မှသာ အသိပညာ၊ အတတ်ပညာ များ ရရှိမည်ဖြစ်သဖြင့် အနုပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် အဓိကအရေးကြီး သည့် ပညာရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းနှိုးဆော် တိုက်တွန်းပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံကို ချစ်သည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပညာရေး ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
အကျပ်အတည်းများဖြစ်ပေါ်ခဲ့
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် မိမိတို့နိုင်ငံ၏ အဓိကအခက်အခဲမှာ ပစ္စည်းများ စုံလင်မှုမရှိခြင်းနှင့် ဆေးဝါးပစ္စည်းများ စုံလင်မှုမရှိခြင်း၊ လူသားအရင်း အမြစ် နည်းပါးခြင်းတို့ကြောင့် အကျပ်အတည်းများဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည့် လှူတန်းလိုစိတ် ရှိသူများ ပေါများခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ် ချိန်တွင်
အားလုံးဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသကဲ့သို့ မိတ်ဆွေ နိုင်ငံများမှလည်း ကူညီခဲ့ကြမှုများရှိခဲ့ကြောင်း၊ ယခု အခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ကျဆင်းသွား ပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည့် ဒေသများတွင်လည်း ကူးစက်မှု နှုန်းကျဆင်းရေး အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုဗစ်ကြောင့် တုံ့ဆိုင်းခဲ့ရသည့် နိုင်ငံ့ယန္တရား များ ပြန်လည်လည်ပတ်နိုင်ရေးအတွက်လည်း အနုပညာရှင်များအနေဖြင့် ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်မှပေးအပ်ထားသည့် ကတိအတိုင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် မိမိတို့ နိုင်ငံ၏ လမ်းကြောင်းအား ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသည် ပြည်သူများက ရွေးချယ် ဆောင်ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်း ဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်း များဖြစ်သည့် State Building၊ Nation Building များတည်ဆောက်ရာတွင် အနုပညာရှင်များ၏ အခန်း ကဏ္ဍမှာ အရေးကြီးကြောင်း၊ စာပေမှ တိုက်တွန်းချက် များ၊ လုပ်ဆောင်ချက်များ များစွာဆောင်ရွက်၍ရ ကြောင်း၊ စာဖတ်ခြင်းမှသိရှိရသည့် အသိပညာများမှ ဖြန့်ဝေခံစား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ ဂီတကဏ္ဍသည်လည်း လူတစ်ဦး ကလေးငယ်မှစ၍ သားချော့တေးမှစတင်ပြီး ကလေးငယ်၏စိတ်ကို ဂီတဖြင့် ပြုပြင်သွားခြင်းပင်ဖြစ်ကြောင်း၊ ဂီတသည် လူများ၏ Mind Set ကို ပြုပြင်ပေးနိုင်သကဲ့သို့ နိုင်ငံကို ဖျက်ဆီးနိုင်မှုများလည်းရှိကြောင်း၊ ရုပ်ရှင် ကဏ္ဍသည်လည်း လူများ၏စိတ်ကို ပြောင်းလဲနိုင် ကြောင်း၊ သဘင်ကဏ္ဍသည် ယဉ်ကျေးမှုနှင့်ပတ်သက် ၍ ထိန်းသိမ်းပေးသည့်ပညာရပ်ဖြစ်သဖြင့် အရေးကြီး ကြောင်း၊ ထို့ကြောင့် အနုပညာအဖွဲ့အစည်းများသည် နိုင်ငံအတွက် အရေးပါသည့် အဖွဲ့အစည်းများပင်ဖြစ် ကြောင်း။
နိုင်ငံကောင်းစေရန်ဆောင်ရွက်
ဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် အချို့ အနေဖြင့် စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများရှိခဲ့သော်လည်း မိမိအနေဖြင့်ခွင့်လွှတ် ပေးပြီး အရေးယူထားသူများအား ပြန်လွှတ်ပေးခဲ့ ကြောင်း၊ အနုပညာနှင့်ပတ်သက်၍ ဆောင်ရွက်နေ ချိန်တွင် မိမိကိုယ်တိုင်ကောင်းရန်နှင့် ပတ်ဝန်းကျင် ကောင်းရန်အတွက် ရည်ရွယ်ဆောင်ရွက်ရန်လို ကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင် များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့် လုပ်ငန်း ရပ်များဖြစ်ရန်လိုပြီး နိုင်ငံအား ထိခိုက်မှုဖြစ်စေနိုင် သည့် လှုံ့ဆော်မှုမျိုးမဖြစ်ရန်လိုကြောင်း၊ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာကြရန်လိုကြောင်း။
အရေးအကြီးဆုံး လိုအပ်ချက်
ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ၏ယန္တရားများ ရပ်တန့်ခဲ့ရပြီး ပြန်လည်ဆောင်ရွက်ချိန်တွင် အနုပညာ အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်ဖြင့် ပါဝင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံအတွင်းရှိအဖွဲ့အစည်း များအားလုံး ညီညီညွတ်ညွတ်ရှိပါက အားလုံးကို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့သည့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့ လာစေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူ ရေးနိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့တင်ပို့ရောင်းချနိုင် ကြောင်း၊ ပညာရေးမြှင့်မှုများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာမှ ဖောက်ထွက်၍ ဆောင်ရွက်နိုင်မည်ဆိုပါက အခြေခံ ကောင်းများရှိသည့် မိမိတို့နိုင်ငံသည် လေး၊ ငါးနှစ် အတွင်း အာဆီယံနိုင်ငံများထဲ၌ အလယ်အလတ် အဆင့်သို့ ရောက်ရှိနိုင်သကဲ့သို့ ၁၀ နှစ်ခန့်အတွင်း ထိပ်တန်းနိုင်ငံအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အရေးအကြီးဆုံး လိုအပ် ချက်မှာ ပြည်တွင်းရှိ အဖွဲ့အစည်းအားလုံး ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံတကာနှင့်ဆက်ဆံရေးတွင်လည်း လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဆိုပါက မိမိတို့နိုင်ငံ တိုးတက်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံအတွင်းရှိလုပ်ငန်းများ အားလုံး ပြန်လည်လည်ပတ်နိုင်ရေး ခွင့်ပြုပေးပြီးဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူ များ စည်းကမ်းလိုက်နာစေရေး၊ နိုင်ငံနှင့်ပြည်သူ အတွက် အကျိုးရှိမည့်လုပ်ငန်းရပ်များတွင် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရန်ပုံငွေကျပ် သိန်း ၄၀၀၀၊ ဆန်အိတ် ၁၀၀ ၊ ဆီ ပိဿာ ၅၀၀ နှင့် ပဲ ပိဿာ ၃၀၀ တို့အား ပေးအပ်ရာ စာပေနှင့် စာနယ်ဇင်းကဏ္ဍမှ စာပေပညာရှင်များကိုယ်စား မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်၊ တွဲဖက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင်(လယ်ဝေး))တို့ကလည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦးတို့က လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင်အစည်းအရုံး အမှုဆောင် ဦးဌေးလွင်နှင့် တာဝန်ရှိသူတစ်ဦးတို့က လည်းကောင်း၊ မြန်မာနိုင်ငံဂီတပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူတစ်ဦးတို့က လည်းကောင်း လက်ခံရယူကြသည်။
အခက်အခဲများ များစွာဖြစ်ပေါ်ခဲ့ရ
ထို့နောက် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍ အသီးသီးမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်း က ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ အနုပညာရပ်ဝန်းအသီးသီးမှ အနုပညာရှင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ရန်ပုံငွေများ ပေးအပ်သည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် မိမိတို့ အနုပညာ ရပ်ဝန်းအသီးသီးတွင် အခက်အခဲများ များစွာဖြစ်ပေါ် ခဲ့ရကြောင်း၊ မိမိတို့ အနုပညာရှင်များအနေဖြင့် မိမိ တို့တတ်မြောက်ထားသည့် အနုပညာပညာရပ်များ ဖြင့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးများကို တတ်စွမ်းသရွေ့ ဆက်လက်သယ်ပိုးထမ်းရွက်သွား မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်