
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မတ် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့်
ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု
အခြေအနေများအား ရှင်းလင်းတင်ပြ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေ အနေများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများဖွင့်လှစ်မှုနှင့် ပညာရည်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများဖွင့်လှစ်နိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နေမှု၊ လျှပ်စစ်ကဏ္ဍတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိမှုနှင့် တိုးချဲ့ ပြေးဆွဲပေးရန်လိုအပ်မှု၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရေလှောင်တမံများနှင့် လျှိုပိတ်ဆည်များ တည်ဆောက် ထားရှိမှု၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ သမဝါယမ စနစ်ဖြင့် ဒေသနွားနှင့် ဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများထုတ်ချေး ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်နိုင်မှု၊ စစ်တွေကွန်ပျူတာ တက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူအဆောင် လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးစေလိုမှု၊ ကျန်းမာရေးစောင့်ရှောက် မှုများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အချို့ဆေးရုံ များကို အဆင့်မြှင့်တင်ပေးစေလိုမှု၊ စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ သွင်းအားစုများ လုံလောက်စွာ ရရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု၊ ရခိုင် ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန် စေရေး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်း နိုင်ရေးအတွက် သောင်တူးဖော်ရေးလုပ်ငန်းများ နှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ မှု၊ လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲပေးစေလိုမှု နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်သို့ လေကြောင်းလိုင်း ငါးလိုင်း ပြေးဆွဲပေးလျက်ရှိပြီး အမှန်တကယ်လိုအပ် ချက်အပေါ်မူတည်၍ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကာ ခရီးသည်တင်ရေယာဉ် များကိုလည်း ပြန်လည်ပြေးဆွဲပေးနိုင်ရေး ဆောင် ရွက်လျက်ရှိမှု၊ ရထားစီးနင်းသူများ ပိုမိုများပြားလာ သည့်အတွက် ရထားတွဲများ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ တောင်သူများ၏ အခွင့်အလမ်းများ ပိုမိုရရှိရေး၊ နည်းပညာများ၊ လိုအပ်သည့် စက်ကိရိယာ များရရှိစေရေး၊ လုပ်သားများရှားပါးမှုအပေါ် စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် မြေအသုံးချခွင့်များ၊ လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပြည်နယ်အစိုးရမှ စိစစ်ဆောင်ရွက်ရန်နှင့် လုပ်ငန်း များ လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးရန် လိုအပ်မှု၊ သစ်တောသယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲနေမှုများကို ဝိုင်းဝန်းကာကွယ်တားဆီး ကြရန်နှင့် သစ်တောသစ်ပင်များကို ထိန်းသိမ်းကြ ရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်မှုတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ဌာနဆိုင်ရာများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုအပ်မှု၊ ရခိုင်ပြည်နယ် အတွင်း ပညာရေး၊ ကျန်းမာရေး မြှင့်တင်နိုင်ရေး အတွက် လိုအပ်သည့် အခြေခံအဆောက်အဦ အပါအဝင် စက်ပစ္စည်းကိရိယာများကို ဖြည့်ဆည်း ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ် အတွင်း လုံခြုံရေးပိုင်းဆိုင်ရာများနှင့် ဒေသတည်ငြိမ် အေးချမ်းရေးဆိုင်ရာများကို ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီး ကျွမ်းကျင်ကြသူများဖြစ်သဖြင့် မိမိတာဝန်ထမ်းဆောင် ရသည့် ဒေသနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ပြီး မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိရမည်၊ နိုင်ငံ တော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့် အစိုးရဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေး ကိုသာ ဆောင်ရွက်ကြစေလိုပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်း ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အစိုးရဌာနများက အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူထု အကျိုးပြုအောင် ဆောင်ရွက်နိုင်မည်၊ တိုင်းပြည် အတွက် အကျိုးပြုအောင်ဆောင်ရွက်နိုင်မည် ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မျှော်မှန်းဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံရေးရည်မှန်းချက်
မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် တပ်မတော် အစိုးရလက်ထက်တွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီဟူသည်မှာ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အများဆန္ဒနှင့်အညီဟု ဆိုသော် လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး “လူညီရင် ဤကို ကျွဲဖတ်သည်” ဟူသည့် ပုံစံမျိုး သွား၍မရကြောင်း၊ ဖက်ဒရယ်စနစ်ဟူသည်မှာ အဆင့်ဆင့်လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်မှုအာဏာကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး သည့်အချိန်တွင် လိုအပ်ချက်များကို ပြန်လည် ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ဇယား(၁၊၂၊၃၊၅) ပါ ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့် ထုတ်ပြန်ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ ပြည့်စုံစွာဆောင်ရွက်နိုင်မှု မရှိသေး သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့ တာဝန် ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာ ခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ၍ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှု ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့် ဥပဒေ ဖြစ်ပြီး ပြည်သူတို့အပေါ်ထားရှိသည့် ကတိကဝတ်ပင် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည်လည်း အစိုးရနှင့် EAOများအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများ အကြား ထားရှိခဲ့သည့် ကတိကဝတ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
အမျိုးသားရေး ရည်မှန်းချက်
အမျိုးသားရေးရည်မှန်းချက်အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်
ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက် ခြင်းသည် တိုင်းပြည်သာယာဝပြောခြင်းပင်ဖြစ် ကြောင်း၊ စားရေရိက္ခာဖူလုံရေးသည် အရေးကြီးပြီး နေရေး၊ ဝတ်ရေးနှင့် စားရေး ပြည့်စုံနေရန်လိုကြောင်း၊ စစ်တွေမြို့တွင် ရေလုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးတွင် သောက်သုံးရေဖူလုံစွာရရှိရေး အတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် မိုးရွာသွန်းမှု များပြားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ စားရေရိက္ခာ ဟူသည့် စကားရပ်တွင် ရိက္ခာဟူသည်မှာ တိုက်ရိုက် စားကုန်မဟုတ်သည့် ပစ္စည်းများပင်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စားရေရိက္ခာများ ပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံတိုးတက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေမည့် လုပ်ဆောင်မှုများကို တားဆီးကာကွယ်ရန်လိုကြောင်း။
တည်ငြိမ်အေးချမ်းမှုဆိုရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများရှိသကဲ့သို့ တိုင်းရင်းသားရေးအရ၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ များရှိကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု များမှာ လွတ်လပ်ရေးနှင့်အတူ ပါရှိလာခြင်းဖြစ် ကြောင်း၊ တိုင်းရင်းသားရေးရာအရ သဘောထား ကွဲလွဲမှုများသည်လည်း တိုင်းရင်းသားဒေသများတွင် အခွင့်အရေးတန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို တန်းတူပေးအပ်ထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကို တူညီသည့်အဆင့်များပေးအပ်ထားကြောင်း၊ ဒေသအလိုက် တူညီသည့် အခွင့်အရေးများ ပေးထားခြင်းကြောင့် တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုအပေါ် အမြင်ရှင်းရန် လိုကြောင်း။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်
မိမိတို့အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များကို ဖြေရှင်းရာတွင် ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ်အဖွဲ့ဝင်နိုင်ငံ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ များ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှုကောင်းရှိရမည် ဖြစ်သကဲ့သို့ မိမိတို့အပေါ် နိုင်ငံတကာမှ အထင်အမြင် လွဲမှားမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်၍ ရိုးသားစွာဖြင့် မိမိတို့ နှင့် လာရောက်ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေး အတွက် အမြဲတံခါးဖွင့်ထားပါကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမည်ဆိုပါက တိုးတက်ဖွံ့ဖြိုးမှုများ ကို ယခုထက် ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုး အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အခြေခံဆောင်ရွက်ရမည့် အချက် ၂ ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၌ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးများပါရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှ စတင်၍ အခြေခံရေးဆွဲလာခြင်းဖြစ်၍ ဆယ်စုနှစ် ၃ စုကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ပြင်ဆင် သင့်သည်များကို အခြေခံဥပဒေနှင့်အညီ ပြင်ဆင် ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)၌လည်း အားလုံး က သဘောတူညီထားသည့် နိုင်ငံရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံကောင်းများ ပါရှိပြီး ဖြစ်ကြောင်း။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလား သည့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုမဆို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ မိမိကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသားများ အကျိုးကို ကြည့်ရှု၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း။
တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေးကို လူတိုင်းလိုလားကြပြီး မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက် ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အမှုအခင်း ဖြစ်ပွားမှုများပြားသည်ကို အချက်အလက်များအရ တွေ့မြင်ရပြီး တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေနှင့် အညီ စနစ်တကျရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများရရှိရေး
ပညာရေး အားပေးမြှင့်တင်
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ တတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများလည်း နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးမှာ ကွာဟချက်ကြီးမားနေကြောင်း၊ ပညာရေးအားနည်း ပါက အသိအမြင်နှင့် အတွေးအခေါ်များသည်လည်း အားနည်းလာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းနှင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးမှာ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့် အတွက် နိုင်ငံအတွက် အန္တရာယ်ရှိသည့် အနေအထား ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံး၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG + 9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ အသိပညာနှင့် အတတ်ပညာများ အားနည်းချက် ရှိခြင်းကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အားနည်းချက်များ ဖြစ်ပေါ်နိုင်ကြောင်း၊ ရခိုင် ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားရှိကြောင်း၊ အဆိုပါ အရင်းအမြစ်ကောင်း များကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ သင်တန်း ကျောင်းများမှ အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံ များသို့ ဆက်လက် တက်ရောက်နိုင်ပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား ပြီးဆုံးချိန်တွင် သက်ဆိုင်ရာ ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်
စီးပွားရေးမြှင့်တင်မှုနှင့် ပတ်သက်၍ ရခိုင် ပြည်နယ်တွင် စီးပွားရေးအရ အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်း များ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေ အတွက် လိုအပ်သည့်ရေများရရှိစေရေး မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်၍ရနိုင်သကဲ့သို့ မြေအောက် ရေဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ စပါးစိုက်ပျိုးမှု နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ပျိုးမှု များကို အောင်မြင်အောင် ဖြစ်ထွန်းအောင် ဆောင် ရွက်ရန်လိုကြောင်း၊ တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုးရာတွင် ပဲတီစိမ်းနှင့် မတ်ပဲများကို တိုးချဲ့စိုက်ပျိုးနိုင်မည် ဆိုပါက ပြည်ပပို့ကုန်ရရှိပြီး ဒေသအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စနစ်တကျ မွေးမြူဆောင်ရွက်နိုင်မှုမရှိသဖြင့် ထိုက်သင့်သလောက် တိုးတက်မှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက မွေးမြူရေးထုတ်ကုန်များ ကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်ပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများ သို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော် အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ငါးပုစွန်မွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း။
စည်းကမ်းစနစ်တကျရှိစေရေး
နယ်စပ်ကုန်သွယ်မှုနှင့် ပတ်သက်၍လည်း စည်းကမ်းစနစ်တကျ ကုန်စည်တင်ပို့မှုများကို ဆောင်ရွက်ရန်လိုပြီး တရားမဝင်ကုန်သွယ်မှုများ ဖြစ်နိုင်သဖြင့် တရားမဝင် ကုန်သွယ်မှုလမ်းကြောင်း များမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအနေဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် များကို အသုံးပြုဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များစီးနင်းမှု၊ ရောင်းဝယ်မှု များမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်း၊ ရောင်းဝယ်ခြင်းများကြောင့် နိုင်ငံ၏ အခွန်ငွေများဆုံးရှုံးလျက်ရှိကြောင်း၊ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးရန် လိုကြောင်း၊ လိုင်စင်နံပါတ်ပြား လဲလှယ်ခြင်းများကို လည်း မတ်လကုန်အစား ဧပြီလအတွင်း နောက်ဆုံး ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သွားလာမှုစည်းကမ်းနှင့် ပတ်သက်၍ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိ သည်ကို တွေ့ရှိရကြောင်း၊ လမ်းများသည်လည်း လမ်းအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိသည်များကိုလည်း တွေ့ရကြောင်း၊ လမ်းများပေါ်၌ စည်းကမ်းမဲ့ ဈေးရောင်းချခြင်းများရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိမှုကြောင့် ယာဉ်မတော်တဆဖြစ်ပွား မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ များအနေဖြင့် လမ်းအင်္ဂါရပ်များနှင့် ညီညွတ်စေရေး အတွက် ဆောင်ရွက်ကြစေလိုကြောင်း။
မြို့ကွက်များတိုးချဲ့ရာတွင်လည်း မြို့အင်္ဂါရပ် များနှင့် ညီညွတ်စေရေး စနစ်တကျ တွက်ချက်ဆောင် ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်သည် ပူပြင်းသည့် ဒေသဖြစ်သည့်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေးအတွက် အရိပ်ရလေကာပင်များ စိုက်ပျိုးမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြ စေလိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ရခိုင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာများစွာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ငပလီကမ်းခြေကဲ့သို့ ကမ္ဘာကျော်ကမ်းခြေများ ရှိသကဲ့သို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသလည်း ရှိကြောင်း၊ ဒေသတွင်း သာယာ လှပရေး၊ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ် မှုကောင်းမွန်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ဒေသအတွက်ဝင်ငွေများ ရရှိမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ တိုးချဲ့ ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူချိန် ကာလအတွင်း ရနိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင် သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းဆောင်ရွက်သွားမည် ဆိုပါက ရခိုင်ပြည်နယ်သည် များစွာဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ရာ စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ဝင်းဦးတို့က လက်ခံရယူကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ရှုခင်းသာလမ်းတစ်လျှောက်တွင် ပြည်သူ များ အနားယူအပန်းဖြေနိုင်ရန်အတွက် ကမ်းခြေ တစ်လျှောက် သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီမံဆောင်ရွက်မည့် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်