
ဒေါက်တာ မြတ်မိုး
သတင်းအချက်အလက်တွေအရ ကမ္ဘာ့လူသားတွေမှာ ရောဂါဘယ မျိုးစုံခံစားကြရပြီး သက်တမ်းစေ့ မနေကြရဘဲ သေဆုံးနေကြရပါတယ်။ ကူးစက်ရောဂါကြောင့် မဟုတ်တဲ့ရောဂါ (Non communicable diseases NCDs) ကြောင့် သေဆုံးမှုအရေအတွက်ဟာ နှစ်စဉ် ၄၁ သန်းခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။
ဒီအရေအတွက်ဟာ ရောဂါကြောင့် သေဆုံးမှုအားလုံးရဲ့ ၇၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုကြပါစို့။ NCDs ကြောင့် သေဆုံးနေကြ ရာမှာ သေဆုံးမှုအားလုံးရဲ့ ၁၅ သန်းကျော်ဆိုတဲ့ အရေအတွက်ဟာ အလုပ်လုပ်နိုင်တဲ့အရွယ် အသက် ၃၀ နဲ့ ၆၉ နှစ်ကြားမှာရှိနေပြီး ၇၇ ရာခိုင်နှုန်းခန့်ကတော့ အလယ်အလတ်နဲ့ ဆင်းရဲတဲ့နိုင်ငံများက ဖြစ်နေတာ တွေ့ရပါတယ်။ NCDs ဖြစ်ရတဲ့အကြောင်းရင်းများမှာ အဓိက ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးမှုက ၁၇ ဒသမ ၉ သန်းနဲ့အများဆုံး၊ ကင်ဆာကြောင့်က ၉ ဒသမ ၃ သန်း၊ ပန်းနာရင်ကျပ်အဆုတ်ရောင် စတဲ့အသက်ရှူ လမ်းကြောင်းရောဂါများကြောင့် ၄ ဒသမ ၁ သန်းနဲ့ ဆီးချိုကြောင့် ၁ ဒသမ ၅ သန်းစသည်ဖြင့် အစဉ်လိုက်ရှိနေပါတယ်။
သေဆုံးရခြင်းအကြောင်းရင်း NCDs ရောဂါ လေးခု
ရောဂါကြောင့် သေဆုံးရခြင်းအကြောင်းရင်းတွေကို ပိုးမွှားကြောင့် ကူးစက်ပြီး ပိုးဝင်ရောဂါများနဲ့ မကူးစက်တတ်တဲ့ ရောဂါများဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ တီဘီ၊ ဝမ်းပျက်ဝမ်းလျှော၊ HIV စတဲ့ ရောဂါများဟာ ရောဂါပိုးဝင်လို့ ဖြစ်ရတဲ့ ကူးစက်ရောဂါများဖြစ်ပြီး ရောဂါပိုးမွှားဝင်ရောက်ခြင်းကြောင့် မဟုတ်တဲ့ သွေးတိုး၊ ဆီးချို၊ လေဖြတ်၊ နှလုံးနဲ့ကင်ဆာရောဂါများ စတဲ့ နာတာရှည်ရောဂါများကိုတော့ မကူးစက်တတ်တဲ့ရောဂါများ အုပ်စုမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။
ဆိုလိုတာက နှလုံး၊ သွေးတိုး၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းနဲ့ ဆီးချို ရောဂါများပါဝင်တဲ့ ဒီရောဂါအုပ်စုကြီး လေးခုဟာ ကမ္ဘာမှာ ရောဂါကြောင့် လူ့အသက်သေဆုံးရမှုအားလုံးရဲ့ အဓိကတရားခံတွေ ဖြစ်တယ်ဆိုတာ သတိပြုမိစေဖို့ဖြစ်ပါတယ်။ မကူးစက်တတ်တဲ့ရောဂါ များကြောင့် သေဆုံးမှုအားလုံးရဲ့ ၈၁ ရာခိုင်နှုန်းဟာ ဒီရောဂါ လေးခု ကြောင့် အဓိကဖြစ်ရတယ်ဆိုတော့ ဒီရောဂါတွေဟာ ဘယ်လောက် အရေးကြီးတယ်၊ ဘယ်လောက်ဆိုးရွားတယ်၊ ဒီရောဂါတွေမဖြစ်အောင် ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်တွေဟာ အလွန် ကို အရေးကြီးလာပြီဖြစ်ပါတယ်။
မကူးစက်တတ်တဲ့ ရောဂါများဖြစ်ပွားမှုအပေါ် လွှမ်းမိုးနေသော အချက်များ
ကျန်းမာရေးဆိုင်ရာနဲ့ မသင့်လျော်တဲ့ နေ့စဉ်အပြုအမူ၊ အနေ အထိုင်၊ အစားအသောက်ပုံစံတွေဟာ ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါများနဲ့ ဆက်စပ်မှုအလွန်ရှိနေတာ ငြင်းမရပါဘူး။ ဆေးလိပ် သောက်ခြင်း၊ ခန္ဓာကိုယ်လက်လှုပ်ရှားထကြွမှု နည်းပါးလွန်းခြင်း၊ အန္တရာယ်ရှိလောက်အောင် အရက်သောက်၊ အရက်စွဲခြင်း၊ ကျန်းမာ ရေးနဲ့ မညီညွတ်ဘဲ မသန့်ရှင်းတဲ့ အစားအစာများစားသုံးခြင်း စတဲ့ မကောင်းတဲ့ အလေ့အထများဟာ မကူးစက်တတ်တဲ့ရောဂါများနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒီလို နာတာရှည်ရောဂါများအပေါ် မျိုးရိုးဗီဇ၊ ဇီဝကမ္မ၊ ဥတုရာသီအလိုက် စတဲ့အချက်များက လွှမ်းမိုး ဆက်စပ်နေပေမယ့် ကာကွယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကနေ ကြည့်ရင် လူတွေရဲ့နေ့စဉ်နေမှုထိုင်မှု စားသောက်မှုအပြုအမူတွေက ပိုပြီး အဓိကကျတာကို တွေ့ရပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ NCDs ကြောင့် သေဆုံးမှု အရေအတွက်အားလုံးရဲ့ သုံးပုံနှစ်ပုံဟာ ဝင်ငွေ အလယ်အလတ် ဒါမှမဟုတ် ဝင်ငွေနိမ့်ပါးလွန်းတဲ့ နိုင်ငံတွေက ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။ ဒါဆိုရင် အခုလို ဖြစ်ပွားမှုများပြားနေတဲ့ NCDs ပြဿနာများအပေါ် နိုင်ငံရဲ့အသုံးစရိတ်နဲ့ဆင်းရဲချမ်းသာမှု၊ လူတွေရဲ့ဝင်ငွေနဲ့ လူမှုရေးအဆင့် အတန်း၊ ပညာရေးနိမ့်ကျမှု၊ ရေသန့်ရှင်းမှုနဲ့ လေထုညစ်ညမ်းမှု၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လုပ်ငန်းခွင်၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာများနဲ့စိတ်ဖိစီးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပေါ် လူတွေ ဘယ်လောက်လက်လှမ်းမီသလဲ စတဲ့အခြေအနေများစွာကလည်း သက်ရောက်ဆက်စပ်မှုရှိနေနိုင်တာ လေ့လာဆန်းစစ်ကြည့်လို့ ရပါ တယ်။
တစ်ကိုယ်ရေအပြုအမူမှားများကြောင့် သေဆုံးနေရတဲ့ပမာဏ
ဘာပဲဖြစ်ဖြစ် NCDs ကို ကာကွယ်ထိန်းချုပ်နိုင်တဲ့ အဓိကအကျဆုံး၊ လက်တွေ့အကျဆုံးကတော့ လူတွေရဲ့တစ်ကိုယ်ရေအပြုအမူများပဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အချက်အလက်တွေအရတော့ ကမ္ဘာမှာနှစ်စဉ် လူပေါင်း ၇ ဒသမ ၂ သန်းခန့် သေဆုံးနေတဲ့အရေ အတွက်ဟာ ဆေးလိပ်သောက်သုံးမှုနဲ့ ဆက်နွှယ်ပတ်သက်နေပြီး မိမိစားသောက်တဲ့အစားအစာမှာ အငန်ဓာတ်ကို လွန်လွန်ကျူးကျူးထည့်စားသုံးမိလို့ သေဆုံးနေရတာကလည်း နှစ်စဉ် ၄ ဒသမ ၁ သန်း ခန့်ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် သေဆုံးမှု ၃ ဒသမ ၃ သန်းခန့်ဟာ အရက်နဲ့ကင်ဆာကြောင့်ဖြစ်နေပြီး ၁ ဒသမ ၆ သန်းကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလွန်းတာရယ်၊ အဝလွန်တာရယ်ကြောင့် ဖြစ်နေပါတယ်။ ထိုကိန်းဂဏန်းများဟာ မိမိတို့ကိုယ်တိုင် မဆင်မခြင် ပြုမူမိတဲ့ မကောင်းတဲ့ အပြုအမူမှားတွေရဲ့ ရလဒ်များအဖြစ် ထွက်ပေါ် လာခြင်းဖြစ်ပါတယ်။
တစ်ခါ ထိုမကောင်းတဲ့အပြုအမူများရဲ့သက်ရောက်မှုများကပဲ လူ့ခန္ဓာအတွင်းမှာ အန္တရာယ်များတဲ့ ဓာတုဇီဝဖြစ်စဉ်တွေကို ဖြစ်ပေါ် စေပြန်ပါတယ်။ ကိုယ်အလေးချိန်တိုးလာပြီး အဝလွန်ခြင်း၊ သွေးဖိအား တက် သွေးတိုးလာခြင်း၊ ပုံမှန်ထက် သွေးတွင်းအဆီဓာတ်များခြင်းနဲ့ သွေးတွင်းအချိုဓာတ်များခြင်း စတဲ့ဇီဝပြောင်းလဲမှုတွေဟာ ကျန်းမာ ရေးပြဿနာများစွာနဲ့အတူ ကျန်းကျန်းမာမာနေရမယ့် လူတွေရဲ့ သက်တမ်းကို များစွာတိုတောင်းသွားစေပါတယ်။ နှစ်စဉ် ရောဂါ တွေကြောင့် သေဆုံးနေမှုအားလုံးရဲ့ ၁၉ ရာခိုင်နှုန်းဟာ သွေးတိုးရောဂါ တစ်ခုတည်းကြောင့်ဖြစ်နေတာဟာ သာဓကတစ်ခုပဲဖြစ်ပါတယ်။
မလှုပ်မရှားကြာရှည်ထိုင်ရတဲ့ sedentary lifestyle ကိုရှောင်ပါ
အထက်ပါကိန်းဂဏန်းတွေနဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေ ကိုကြည့်ရင် ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါအများစုဟာ မဖြစ်အောင်ကြိုတင်ကာကွယ်လို့ရတယ်၊ နီးနီးကပ်ကပ်ဆက်စပ်နေတဲ့ မိမိတို့ရဲ့နိစ္စဓူဝအပြုအမူတွေကို သတိထားနေထိုင်စားသောက်နေရုံမျှ နဲ့ ရောဂါဖြစ်ပွားမှု နည်းပါးသွားနိုင်တယ်။ မလှုပ်မရှားအထိုင်များလို့ ရောဂါရပြီး သေနိုင်တယ်ဆိုရင် လှုပ်ရှားပေးရမှာပဲဖြစ်တယ်၊၊ မလှုပ် မရှားဘဲ အထိုင်မများပါနဲ့လို့ ပညာပေးရမှာပဲဖြစ်ပါတယ်။
အထူးသဖြင့် နည်းပညာမြင့်လာတဲ့ခေတ်ကြီးမှာ အရာရာ စက်ပစ္စည်းတွေသာအားကိုး၊ တီဗွီရှေ့အကြာကြီးထိုင်၊ ကွန်ပျူတာ အင်တာနက် ကြာရှည်သုံး၊ အထိုင်များပြီး စာဖတ်စကားပြောခြင်း စတဲ့ sedentary lifestyle များကို သတိထားပြုပြင်ရှောင်ကြဉ် ရပါမယ်။ လမ်းလျှောက်၊ စက်ဘီးစီးသွားလာသင့်တဲ့အခြေအနေများမှာ မော်တော်ယာဉ်ကိုသာ အသုံးများလာကြတဲ့အတွက် ကိုယ်လက် လှုပ်ရှားအားကစားမှု အသင့်အတင့်သို့ အလယ်အလတ်သို့ ပြင်းထန် တဲ့ အမျိုးအစားတစ်ခုခုကို အချိန်ယူ၊ အသက်အရွယ်ပေါ် မူတည်ပြီး ပြုလုပ်စေချင်ပါတယ်၊၊
တစ်နေ့ကို ၇ နာရီခန့်အထက် အထိုင်များတဲ့သူ၊ အသက် ၆၅ နှစ်အထက် သက်ကြီးတွေမှာဆိုရင် တစ်နေ့ ၁၀ နာရီခန့်အထိ အထိုင် များပြီး လဲလျောင်းနေရပြီဆိုရင်ကို ကျန်းမာရေးအတွက် စိတ်ချရတဲ့ အခြေအနေတစ်ရပ်မှာ မရှိနိုင်တော့ပါဘူး။ မိမိကိုယ်တိုင်ပြုမူနေထိုင်မှု ပုံစံအမှားက အသံတိတ်လူသတ်သမားတစ်ယောက်အဖြစ်နဲ့ မိမိ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်ဆိုတာ သတိပြုဖို့လိုပါ တယ်။ ငယ်ရွယ်သူတွေအတွက်တော့ အေရိုးဗစ်ကဲ့သို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကို နေ့စဉ် မိနစ် ၆၀ခန့် ကစားခြင်း (တစ်ပတ်လျှင် မိနစ် ၃၀၀ ခန့်)၊ အသက်အရွယ်ကြီးသူတွေအတွက်တော့ နေ့စဉ် မိနစ် ၃၀ ခန့် (တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့်) လမ်းလျှေက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့လှုပ်ရှားမှုများဟာ ကျန်းမာရေးအကျိုးကျေးဇူး များစွာရပါတယ်။ တစ်ပတ် ၅ ရက်လောက်ဆိုရင်ကို အဆင်ပြေပါ တယ်။ အပတ်စဉ် မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခုလုပ်သူများဟာ မလုပ်သူများထက်စာရင် ၃၃ ရာခိုင်နှုန်းခန့် ပိုပြီးသေဆုံးနိုင်တဲ့ အတိုင်းအတာတစ်ခုထိ လျော့နည်းသွားတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။
ကင်ဆာစတဲ့ နာတာရှည်ရောဂါသည်တွေအတွက်ရော၊ မသန် စွမ်းသူတွေအတွက်ရော မျှတလိုက်ဖက်တဲ့ ကိုယ်လက်လှုပ်ရှားမှုများ လိုအပ်ပါတယ်။
ပျော်စရာကောင်းတဲ့ လေ့ကျင့်ခန်းအမျိုးအစားများကိုလည်း ဖန်တီး ယူလို့ရပါတယ်။ ရည်မှန်းချက်တစ်ခုတော့ ရှိသင့်တာပေါ့၊ ခေတ်မီ Mobile app: များသုံးပြီး health watch နဲ့ စောင့်ကြည့် မှတ်တမ်း တင်မှုမျိုးနဲ့ မိမိရဲ့ကျန်းမာရေးအတွက် ရောက်ရမယ့်ပန်းတိုင်ကို ဆန်းစစ်နိုင်ပါတယ်။
နှလုံးသွေးကြောကျန်းမာရေးနဲ့အတူ ခန္ဓာကိုယ်အလေးချိန်ကို
လျော့ကျစေတဲ့အချက်များစွာ
သင့်ကိုယ်သင် နှလုံးရောဂါဖြစ်မှာ ပူပန်နေပါသလား၊ သွေးတိုးလို့ စိတ်ညစ်နေပါသလား၊ သွေးထဲမှာ လိုအပ်တဲ့အဆီတွေနည်းနေပြီး အကျိုးမပြုတဲ့ အဆီတွေများနေလို့ စိုးရိမ်နေပါသလား၊ လေဖြတ်မှာ ဆီးချိုဖြစ်မှာ ကင်ဆာဖြစ်မှာ အရိုးကျိုးမှာ ကြောက်နေပါသလား၊ စိုးရိမ်သောကရောက်နေရတဲ့ မိမိကျန်းမာရေးအတွက် အဖြေဟာ မိမိကိုယ်တိုင်မှာသာရှိပါတယ်၊ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဖို့ အချိန်နှောင်းတယ်ဆိုတာမရှိပါဘူး။ ကိုယ်လက်လှုပ်ရှားမှုများ ကနေရတဲ့ အကျိုးကျေးဇူးတွေက များမှများလို့ မလုပ်တာထက်စာရင် လုပ်လိုက်တာက ပိုကောင်းပါတယ်။
ကိုယ်လက်လှုပ်ရှားမှုတိုင်းဟာ ကြွက်သား၊ အရိုး၊ အဆစ်တွေကို အားကောင်းသန်မာစေပါတယ်။ ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးပါတယ်။ လှုပ်ရှားမှုတစ်ခုဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ကို တစ်ရှူးများဆီပို့ပေးတဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းလာစေ ပြီး နှလုံးသွေးကြောကျန်းမာရေးကိုအထောက်အကူပြုလို့ နှလုံးနဲ့ အဆုတ်ကို အားကောင်းစေပါတယ်။ အနည်းဆုံးတော့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပြီးသားဖြစ်ပါမယ်။ ပြင်းပြင်းထန်ထန်လေး လှုပ်ရှားနိုင်ရင်တော့ မလိုအပ်တဲ့ ကယ်လိုရီလောင်ကျွမ်းမှုပိုများပြီး ကိုယ်ရောက် ချင်တဲ့ အလေးချိန်ပမာဏတစ်ခုကို ရရှိသွားပါတယ်။
သွေးတိုးနဲ့ဆီးချိုကာကွယ်ရာမှာလည်းအထောက်အကူပြု
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကြောင့် ခန္ဓာကိုယ်အလေး ချိန်ကို ပုံမှန်ထိန်းထားနိုင်တဲ့ အနေအထားကတစ်ဆင့် သွေးတိုး နဲ့ဆီးချိုရောဂါကို ကာကွယ်ကုစားရာမှာ ဘယ်လို အထောက်အကူ ပြုသလဲ လေ့လာကြည့်တဲ့အခါ ပုံမှန်အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခု လုပ်ပြီး ခဏနားနေစဉ် သွေးဖိအားကိုပြန်တိုင်းတာရာမှာ မူလ သွေးဖိအားကနေ ၅ mmHG မှ ၇ mmHG အထိ ကျဆင်းသွားစေတယ်လို့ မှတ်သားရပါတယ်။ ဆီးချိုရောဂါဆိုရင်လည်း အကျိုးအကြောင်း ညီညွတ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးပြီး အဆီထုထည်ပမာဏကိုပါ လျော့ကျသွားစေတဲ့အပြင် အင်ဆူလင်ရဲ့တုံ့ပြန်နိုင်မှုကိုပါ ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို အမျိုးအစား ၂ ကို ကုသရာမှာရော မဖြစ်အောင်ကာကွယ်မှုမှာပါ အကျိုးရှိစေပါတယ်။ ထို့ပြင် ကြွက်သားလေ့ကျင့်ခန်းများကြောင့် အရိုးကြွက်သားများသန်မာလာပြီး ကလေးငယ်များရဲ့ သွားများကို လည်း ပိုမိုခိုင်မာကျန်းမာလာစေတယ်ဆိုတာ တွေ့ရှိရပါတယ်။
ကင်ဆာအရိုးအဆစ်ကြွက်သားနဲ့ အရေပြားကျန်းမာရေးကိုလည်း ကူညီပေး
ဆီးချိုသွေးတိုးရောဂါများအတွက်သာ မကပါဘူး၊ တချို့သော ကင်ဆာရောဂါတွေ အူမကြီး၊ ရင်သား၊ အဆုတ်၊ သားအိမ်၊ သည်းခြေ၊ ကျောက်ကပ်၊ အသည်း၊ ပန်ကရိယ၊ ဆီးကျိတ်၊ လည်ပင်းအကျိတ်၊ အစာအိမ်နဲ့ အစာရေမျိုကင်ဆာများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချ ပေးတယ်လို့ဆိုပါတယ်။ အသက်အရွယ်ရလာပြီဆိုရင် မိမိရဲ့အရိုး အဆစ် ၊ ကြွက်သားများ အားနည်းချို့ယွင်းလာပြီး လှုပ်ရှားမှုများလည်း နှေးကွေးလေးလံလာတတ်တာ ဓမ္မတာပါပဲ။ ဒါကို ကာကွယ်ပေးမှာက အရိုးရဲ့သိပ်သည်းမှု များစွာလျော့နည်းမသွားအောင် ကူညီပေးတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကလွဲပြီး အခြားမရှိပါဘူး။
အထူးသဖြင့် သက်ကြီးအရွယ်တွေမှာ ပိုပြီးစိုးရိမ်ရတာတစ်ခုရှိပါတယ်၊ ချော်လဲတတ်ခြင်းနဲ့အရိုးကျိုးခြင်းအန္တရာယ်ပါ။ ဒီအန္တရာယ် ကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်း တစ်လျှောက် ပုံမှန်ပြုလုပ်ပေးနေတဲ့ ကြွက်သားလေ့ကျင့်ခန်းများက တစ်ဆင့် ကြွက်သားနဲ့အဆစ်များ သန်မာလာပြီး ဟန်ချက်ညီစေတဲ့ အတွက် အဘိုးအဘွားများအနေနဲ့ ချော်လဲချော်ကျအန္တရာယ်နဲ့ အဖြစ် များလှတဲ့ ပေါင်ရင်းရိုးကျိုးဖြစ်နိုင်ခြေက ကင်းဝေးသွားနိုင်တယ်လို့ဆိုပါတယ်။
အေရိုးဗစ်အကနဲ့ အားပါတဲ့ကြွက်သားလေ့ကျင့်ခန်းများ၊ ပြေးခြင်း၊ ခုန်ခြင်းစတဲ့ အားကစားနည်းများက အရိုး၊ အဆစ်၊ ကြွက်သားတွေကို သန်မာကြံ့ခိုင်စေတဲ့ အပြုသဘော သက်ရောက်မှု များရှိကြောင်း လေ့လာတွေ့ရှိချက်များ အများအပြားရှိပါတယ်။ အဆစ်များရဲ့ ကျန်းမာကြီးထွားမှုအပေါ် ဘယ်လောက်အထိ သက်ရောက်နိုင်သလဲဆိုရင် အသက်အရွယ်အရ ဖြစ်တတ်တဲ့ ကျီးပေါင်းဖြစ်စဉ်၊ လေးဖက်နာရောဂါတွေကို စောစောစီးစီး မဖြစ်အောင်အထိ ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ အခြားရောဂါတစ်ခုခု ကြောင့် ဆေးရုံတက်ရရင်တောင် ပြန်လည်သက်သာ နာလန်ထတာ မြန်လို့ ဆေးရုံက စောစီးစွာဆင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။ ထို့ပြင် လူငယ်၊ လူကြီးမရွေး အရေပြားကျန်းမာရေးကို ကူညီပေးခြင်းကြောင့် အရွယ်မတိုင်မီ နုပျိုပျိုမျစ်ခြင်းကိုလည်း ပေးစွမ်းတယ်လို့ သိရှိရ ပါတယ်။ အဓိကအကြောင်းရင်းက ကိုယ်လက်လှုပ်ရှားမှုကြောင့် ခန္ဓာဆဲလ်တွေရဲ့ အက်တမ်တွေမှာဖြစ်တဲ့ ဓာတုဖြစ်စဉ်တွေကတစ်ဆင့် အီလက်ထရွန်ဆုံးရှုံးမှုကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင့်များ တိုးပွားလာစေတဲ့အကြောင်းရင်းကြောင့်လို့ ဆိုပါတယ်။
ရုပ်ပိုင်းသာမက စိတ်ပိုင်းပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်
လှုပ်ရှားမှုတိုင်းက ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းမဟုတ်၊ စိတ်ပိုင်း ပြဿနာများစွာကိုလည်း အထိုက်အလျောက်ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ စိတ်ဓာတ်ကျဆင်းမှု စတဲ့ဖိအားများအပေါ် သက်ရောက်မှုများရှိနေပါတယ်။ ပရိုတင်းအချို့ ထုတ်လုပ်မှုကို အားပေးပြီး ဦးနှောက်အတွင်း ဆီရိုတိုနင်နဲ့ နော်အက်ပီနဖရင်းလို့ ခေါ်တဲ့ ဓာတုဟော်မုန်းပမာဏကို ဦးနှောက်ရဲ့တုံ့ပြန်မှုက တိုးပွားစေ တဲ့ အချက်ကြောင့်လို့ ဆိုပါတယ်။ သေချာပါတယ်။
ဒီအခါမှာ သင့်စိတ်ကြိုက် ပုံမှန်လှုပ်ရှားအားကစားနည်း တစ်မျိုးမျိုးက သင့်ရဲ့ စိတ်ခံစားမှုအပေါ်ဖြေလျှော့မှုပေးပြီး ပျော်ရွှင်မှု တွေပေးလာပါလိမ့်မယ်။ ယုံကြည်မှုတွေ တိုးလာအောင်ပြုလုပ်ပေးပါလိမ့်မယ်။ ပိုပြီးကျန်းမာလာတဲ့ ဦးနှောက်ဆဲလ်တွေကြောင့် အပြု သဘောဘက် ပိုမိုအားသန်စေတဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ သင်ကြား သင်ယူမှုတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ ကောင်းမွန်လာပြီး ညအိပ်ရာ ဝင်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းစွာအိပ်စက်အနားယူနိုင်အောင် ဖန်တီးမှုတွေပေးလာမယ်ဆိုတာ သေချာပါတယ်။
နောက်ထပ်အားသာချက်တစ်ခုက ဆေးလိပ်သမားများ၊ ဆေးလိပ် ဖြတ်ချင်သူများအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများက ဆေးလိပ်သောက်ချင်စိတ်ကို လျော့ပါးသွားစေတယ်ဆိုတဲ့ အချက်ပါ ပဲ။ ဆေးလိပ်သမားများအနေနဲ့ မိမိကျန်းမားရေးအတွက် အများကြီး မစဉ်းစားဘဲ မိမိရဲ့နေထိုင်မှုပုံစံသစ်ကို အမြန်ပြောင်းလဲပစ်ဖို့ တပ်လှန့် ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေဟာ ကိုယ့် ကျန်းမာရေးအတွက် ဆေးဖိုးအခ မကုန်သင့်တာမကုန်အောင် ကိုယ့်အိတ်ကပ်ထဲက စိုက်ထုတ်သုံးစွဲရတဲ့အဖြစ်ကနေ ကာကွယ်ပေးပါ တယ်။ “ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်” ဆိုတဲ့ အဆိုအရ မကျန်းမာသူထက်စာရင် ကျန်းမာသူက ပိုပြီးပျော်ပျော်ရွှင်ရွှင်ရှိလှပါ တယ်။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့လည်း ပြည့်စုံရပါ တယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို နေထိုင်မကောင်း မကျန်းမာမှဘဲ သိရသလို နောက်ကျပြီးမှ သိတဲ့အသိဟာလည်း တန်ဖိုးမဲ့လှပါတယ်။ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါများကြောင့် အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ မိမိချစ်တဲ့မိသားစုနဲ့ မခွဲခွာရလေအောင် ကြိုတင်ကာကွယ်လို့ရတဲ့ အခွင့်အလမ်းများရှိနေပြီးဖြစ်ပါတယ်။
မိမိပေါ့ဆမှုကြောင့် တန်ဖိုးရှိတဲ့ မိမိကျန်းမာရေးအတွက် မိမိ အိတ်ကပ်ထဲကငွေနဲ့ မတန်မဆရင်းနှီးပြီး ပေးဆပ်နေရတာ မတန်ပါ ဘူး။ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြရေးအတွက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်ခုခုကိုသာ ပုံမှန်အားထုတ်လုပ်ဖြစ်အောင် လုပ်ကြပါဟူ၍သာ တိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments