
မြတ်မင်းလှိုင်
ရှေးအခါက ဝိဒေဟရာဇ်တိုင်း မိတ္ထိလာပြည်၌ ဝိဒေဟရာဇ် မင်းကြီးသည် သေနကအမတ်၊ ပက္ကုသအမတ်၊ ကာမိန္ဒအမတ်နှင့် ဒေဝိန္ဒအမတ်ဟူသော မင်းတိုင်ပင်အမတ် သုခမိန်နှင့်အတူ စိုးစံမင်းပြု လျက်ရှိသည်။
မိတ္ထိလာနေပြည်တော်၏ အရှေ့မျက်နှာ၌ ပါစိနယဝမဇ္ဇုဂုံးရွာ၊ အနောက်မျက်နှာ၌ ပစ္ဆီမယဝဇ္ဇုဂုံးရွာ၊ တောင်အရပ်၌ ဒက္ခိဏယဝမဇ္ဇု ဂုံးရွာနှင့် မြောက်အရပ်၌ ဥတ္တရယဝမဇ္ဇုဂုံးရွာတို့ တည်ရှိကြသည်။ အရှေ့မျက်နှာအရပ်၌တည်ရှိသော ပါစိနယဝမဇ္ဇုဂုံးရွာ၌ သီရိဝန အမည်ရှိသော သူဌေးကြီးနှင့် သူဌေးကတော်သုမနဒေဝီတို့သည် ဆွေမျိုးအခြံအရံတို့နှင့် ပြည့်စုံချမ်းသာလှသည်။
ဘုရားလောင်းမဟောသဓသည် ယင်းသူဌေးကတော် သုမနဒေဝီ ၏ ဝမ်းတွင်း၌ ပဋိသန္ဓေယူလေသည်။ ဖွားမြင်သောအခါ သိကြားမင်း ထားလာသော ဆေးလုံးကိုကိုင်၍ ဖွားမြင်လေသည်။ ထို့ကြောင့် မဟောသဓဟူသော အမည်ကိုမှည့်လေသည်။ ထိုဆေးလုံးကြောင့် သူဌေးကြီး၌ ခုနစ်နှစ်တိုင် စွဲကပ်လျက်ရှိသော ခေါင်းကိုက်နာနှင့် လူ အပေါင်းတို့၏ ရောဂါဝေဒနာတို့ ပျောက်ကင်းလေသည်။ မဟောသဓ ပဋိသန္ဓေယူချိန်နှင့် တစ်ပြိုင်နက်ပင် ဝိဒေဟရာဇ်မင်းကြီးသည် နန်းရင်ပြင်၌ မီးတောက်လေးပုံ အကြားမှသေးငယ်သော မီးတောက် တစ်ခုက လျှံတက်လွှမ်းမိုးနေသည်ဟု အိပ်မက်လေသည်။
ဝိဒေဟရာဇ်မင်းကြီးသည် မင်းချင်းတို့အား အိပ်မက်အရပေါ်ပေါက် မည့် ပညာရှိကို မြို့တော်အရပ် လေးမျက်နှာသို့စေလွှတ်ရှာဖွေစေသည်။ မဟောသဓသည် အသက် ခုနစ်နှစ်အရွယ်တွင် ဖွားဖက် ငယ်ပေါင်းတစ်ထောင်တို့နှင့်အတူ တည်ဆောက်ထားသော ထူးဆန်း အံ့ဩဖွယ်ကောင်းသော ဇရပ်သို့မင်းချင်းတို့ ရောက်ရှိစုံစမ်းရာ ဘုရား လောင်းမဟောသဓစီမံတည်ဆောက်ခြင်းသိရလျှင် မင်းကြီးအား တင်လျှောက်ကြလေသည်။
မင်းကြီးလည်း အိပ်မက်အရ ပေါ်ပေါက်လာမည့် ပညာရှိသည် မဟောသဓဖြစ်မည်ဟု ဝမ်းသာလျက် ခေါ်ယူရန်သေနကအမတ်ကို တိုင်ပင်လေသည်။ သေနကအမတ်ကြီးက ဤဇရပ်ဆောက်လုပ်စီရင် နိုင်ရုံဖြင့် သုခမိန်မမြောက်သေးဟူ၍ ကန့်ကွက်လျှောက်တင်လေ သည်။ မင်းကြီးလည်း အမတ်ကြီး၏ စကားကိုယုံကြည်၍ မင်းချင်း တို့အား မဟောသဓကို ဆက်လက်စူးစမ်းကြည့်ရန် မှာကြားလိုက်လေ သည်။
တစ်နေ့သောအခါ လူတစ်ယောက်သည် ဈေးမှအမဲသားဝယ်ပြီး ပြန်လာရာ အမဲသားကို စွန်တစ်ကောင်၏ သုတ်ချီခြင်းခံရလေသည်။ မဟောသဓသည် စွန်အရိပ်ကို မှန်းကာလက်ခုပ်တီးလျက် အထက်သို့ ဟစ်အော်လိုက်ရာ စွန်လည်းဝမ်းထဲသို့ အသံပေါက်ဝင်သကဲ့သို့ ထင်မှတ်၍အမဲသားကို ပစ်ချပျံပြေးလေသည်။ ထိုသတင်းကို မင်းချင်း တို့က မင်းကြီးထံလျှောက်တင်ရာ သေနကမင်းကြီး၏ သဘောတူညီမှု မရ၍ နန်းတွင်းသို့ခေါ်နိုင်ခြင်း မရှိဖြစ်ပြန်သည်။
တစ်နေ့သောအခါ နွားပိုင်ရှင်အိပ်ငိုက်နေစဉ် သူခိုးတစ်ယောက်က ထိုနွားကိုခိုးပြေးလေသည်။ နွားပိုင်ရှင် သတိရ၍ သူခိုးကိုမြင်လျှင် အပြေးလိုက်၏။ သူပိုင်ကိုယ်ပိုင် အပြန်အလှန်လုနေကြသည်ကို မဟောသဓသိလျှင် ခေါ်ယူစစ်ဆေးသည်။ နွားပိုင်ရှင်နှင့် နွားခိုးသူ တို့အား နေ့စဉ်နွားကို မည်သည့်အစာကျွေးသနည်းဟု မေးမြန်းသည်။ နွားသူခိုးက ယာဂုနှင့်နှမ်းဖတ် ကျွေးသည်ဟုဖြေပြီး နွားပိုင်ရှင်က မြက်ကိုသာ ကျွေးသည်ဟု ဖြေသည်။ သျှစ်သျှားရွက်ကို အရည်ဖျော်၍ နွားကိုတိုက်၍ နွားဝမ်းသက်သည့်အခါ မြက်ဖတ်တို့သာ တွေ့ရ၍ နွားသူခိုးနှင့် ပိုင်ရှင်ကိုခွဲခြား ဆုံးဖြတ်ပေးလိုက်လေသည်။ ထိုသတင်း ကို မင်းကြီးကြားလျှင် မဟောသဓကို ခေါ်လိုသော်လည်း သေနကအမတ် ၏ ကန့်ကွက်မှုကြောင့် မခေါ်နိုင်သေးဘဲ ရှိရလေသည်။
တစ်နေ့သောအခါ သူဆင်းရဲမတစ်ဦးသည် ချည်လည်ရွဲကိုချွတ်ပြီး ရေချိုးနေစဉ် မိန်းမငယ်တစ်ဦးက ခိုးယူလေသည်။ နှစ်ဦးသည် သူပိုင် ကိုယ်ပိုင်နှင့် ငြင်းခုံနေခြင်းကြောင့် မဟောသဓထံသို့ရောက်ရှိလာ သည်။ မဟောသဓ လည်ရွဲကို မည်သည့်ရနံ့ဖြင့် ဆွတ်ဖျန်းထားကြောင်း မေးမြန်းသည်။ ခိုးသူက ရနံ့ပေါင်းစုံဖြင့် ဆွတ်ဖျန်းထားကြောင်း၊ ပိုင်ရှင်က သျှစ်သျှားပွင့်ဖြင့် ဆွတ်ဖျန်းထားသည်ဟုဆို၏။ မဟောသဓက လည်ရွဲကို ရေခွက်သို့ချ၍ အနံ့ခံစေခြင်းဖြင့် ခိုးသူကို ဖော်ထုတ် ဆုံးဖြတ်နိုင်ခဲ့သည်။ ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးကြားလျှင် မဟောသဓအား နန်းတွင်းခေါ်လိုသော်လည်း သေနကအမတ်၏ ရှေးအတိုင်း ကန့်ကွက်စကားကြောင့် မခေါ်သာဘဲနေရသည်။
တစ်နေ့သ၌ ဝါခင်းစောင့်မိန်းမတစ်ယောက်သည် ချည်လုံးကို ရေကန်ဘေးချ၍ ရေချိုးနေစဉ် အခြားမိန်းမတစ်ယောက်က ခိုးယူထွက် ပြေးလေသည်။ ထိုမိန်းမနှစ်ယောက်ငြင်းခုံကာ မဟောသဓထံသို့ ရောက်ရှိလာကြသည်။ ယင်းတို့နှစ်ဦးအား ချည်လုံးထဲ၌ မည်သည့် အရာခံ၍ ထားကြောင်းမေးမြန်းရာ ခိုးသူကဝါစေ့၊ ချည်လုံးရှင်က တည်စေ့ထည့်ထားကြောင်းဖြေကြားရာ ချည်လုံးကိုဖြေ၍ ကြည့်သော် တည်စေ့ကို တွေ့ရ၍ သူခိုးမည်သူဖြစ်သည်ကို ထင်ရှားစေလေသည်။ ဤအကြောင်းကို မင်းကြီးကြား၍ မဟောသဓအား နန်းတွင်းခေါ်လိုသော် လည်း သေနကအမတ်၏ ကန့်ကွက်စကားကြောင့် မခေါ်သာဘဲနေရ ပြန်သည်။
တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ရေကန်နားချ၍ မျက်နှာသစ်နေစဉ် ဘီလူးမ တစ်ယောက်သည် ကလေးငယ်ကို စားလို သဖြင့် ခိုးပြေးလေသည်။ မိခင်က မီလာ၍ ကလေးကို လုကြလေသည်။ မဟောသဓက ကလေးငယ်ကို စည်းပေါ်ထားပြီး မိန်းမနှစ်ယောက်တို့အား ခြေနှင့်လက်တို့မှကိုင်စေပြီး မိမိဘက်ပါအောင်ဆွဲစေသည်။ မိခင်ဖြစ် သူက ကလေးငယ်နာကြည်းစွာ ငိုသံကြား၍ သနားကာ မဆွဲရက်ဘဲ လွှတ်ပေးလိုက်သည်။ ဘီလူးမကမူ မညှာမတာဆွဲ၍ နေသည်ကို ထောက်ပြ၍ မိခင်ရင်းကို ဆုံးဖြတ်ပေးလိုက်သည်။ ဤအကြောင်းကို ဝိဒေဟရာဇ် မင်းကြီးကြား၍ အားရဝမ်းသာဖြစ်သော်လည်း သေနက အမတ်၏ ကန့်ကွက်စကားကြောင့် မခေါ်ယူနိုင်ဘဲရှိရပြန်လေသည်။
တစ်နေ့သောအခါ ဂေါတကာဠနှင့် ဇနီးဖြစ်သူ ဒီဃတာလတို့သည် မိဘရပ်ထံသွားရောက်ရာ လမ်းခရီးအကြားတွင် မြစ်တစ်ခုသို့ရောက်ရှိကြ သည်။ သူတို့သည် မြစ်ကို မကူးဝံ့ဖြစ်နေကြစဉ် ဒဃပိဠိဆိုသူက ကူညီ မည်ဟုဆိုကာ ဒီဃတာလကိုထမ်း၍ ရေထဲ၌ထိုင်လျက် ကူးသွားသည်။ တစ်ဖက်ကမ်းသို့ ရောက်လျှင်မိန်းမကို သွေးဆောင်ဖြားယောင်း၍ ခေါ်ဆောင်သွားလေသည်။ ထိုအခါ ဂေါတကာဠလည်း သေစေလိုက သေစေတော့ဟုဆိုကာ မြစ်ထဲသို့ခုန်ချလေရာ ရေတိမ်မှန်းသိရတော့ သည်။ ၎င်းတို့နှစ်ဦးအား မီလေလျှင် သူ့မယားဖြစ်သည် ငါ့မယားဖြစ် သည်နှင့် အငြင်းပွားကြလေသည်။ မဟောသဓထံသို့ ရောက်လေလျှင် လူသုံးဦးကိုသီးခြားခွဲထားပြီး ဒီဃတာလ၏ မိဘအမည်များကို ဖြေကြား စေခြင်းဖြင့် ဒီဃတာလ၏ ခင်ပွန်းအမှန်ကို ဆုံးဖြတ်ပေးလေသည်။ ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးသိရှိခေါ် လိုသော်လည်း သေနက အမတ်စကားကြောင့် ရှေးနည်းတူပင် မခေါ်ယူနိုင်ဘဲရှိရပြန်သည်။
သိကြားမင်းသည် မဟောသဓ၏ ပညာဉာဏ်ကြီးပုံကို ပြလိုသော ကြောင့် လှည်းရထားစီးလာသော ယောက်ျားတစ်ယောက်၏ လှည်း ကို ခိုးယူမောင်းပြေးလေသည်။ မဟောသဓရှေ့သို့ ရောက်လျှင် လူတစ်ယောက်အားခေါ်ယူပြီး ရထားကိုမောင်းစေသည်။ အငြင်းအခုံ ဖြစ်သူ နှစ်ဦးအား လှည်းရထားကို လက်မလွတ်စေဘဲ ပြေး၍လိုက်စေ သည်။ ရထားရှင်မှာ လူသားဖြစ်၍ မောပန်းကာ မလိုက်နိုင်ဘဲ လက်လွှတ်လိုက်ရသည်။ ထိုအခါမဟောသဓက ရထားရှင်အစစ်ကို ခွဲခြားဆုံးဖြတ်ပေးလေသည်။ ထိုသတင်းစကားကြောင့် ဝိဒေဟရာဇ် မင်းကြီးသည် ခေါ်ယူလိုသော်လည်း သေနကအမတ် စကားကြောင့် ဆိုင်းငံ့၍နေရပြန်သည်။
တစ်နေ့သောအခါ မင်းကြီးသည် မဟောသဓ၏ ဉာဏ်ပညာကို စမ်းသပ်လို၍ တစ်ထွာခန့်ရှိ ရှားတုတ်တစ်ချောင်းကို ပေးပို့၍အရင်းနှင့် အဖျားကို ရွေးချယ်စေ၏။ မဟောသဓက ရှားတုတ်၏ အလယ်ဗဟို တည့်တည့်မှ ကြိုးချည်ပြီးရေခွက်ထဲသို့ချစေ၏။ အရင်နစ်သောအပိုင်း သည် အရင်းဖြစ်ကြောင်း ရွေးချယ်ပြန်ကြား လျှောက်တင်စေခဲ့ရာ မင်းကြီး၏ သဘောကျနှစ်သက်လှသော်လည်း သေနကအမတ်ကြီး ကြောင့် သည်းခံတော်မူရပြန်သည်။
မင်းကြီးသည် မဟောသဓ၏ ပညာကို ထပ်မံစမ်းသပ်လိုပြန်သည် ကြောင့် ဦးခေါင်းခွံနှစ်ခုကိုပေးပို့ပြီး ယောက်ျားခေါင်းခွံ၊ မိန်းမခေါင်းခွံကို ခွဲခြားစေ၏။ မဟောသဓက ဦးခေါင်းခွံနှစ်ခုအနက် ဦးခြားရေလိမ်ယှက် သော ခေါင်းခွံကိုမိန်းမခွံဖြစ်ကြောင်း ရွေးချယ်ဖြေကြားစေသည်။ မင်းကြီလည်း အားရကျေနပ်တော်မူ၍ ချီးမွမ်းလျက်ခေါ်ယူလို သော်လည်း သေနကအမတ်၏ ကန့်ကွက်မှုကြောင့် မခေါ်ယူနိုင်ဘဲ ရှိရပြန်သည်။
ဦးခေါင်းခွံပြဿနာကို ဖြေဆိုပြီး နောက်တစ်နေ့တွင် မင်းကြီးသည် မြွေဖိုမြွေမ နှစ်ကောင်ကို ဖမ်းစေပြီး မြွေဖို မြွေမကိုခွဲခြားစေသည်။ ဦးခေါင်းကြီး အမြီးဖွံ့မျက်စိကျယ် လည်စပ်သော မြွေသည် မြေဖိုဖြစ် ကြောင်း၊ ဦးခေါင်းငယ်၍ အမြီးသွယ်ပြီး မျက်စိကျဉ်းကာ လည်ရေး မစပ်သော မြွေသည် မြွေမဟူ၍ ခွဲခြားပြရာ မင်းကြီးသည် လွန်စွာ ဝမ်းမြောက်၍ ခေါ်လိုပြန်သည်။ သို့သော် သေနကအမတ်၏ ကန့်ကွက်မှု ဖြင့် မခေါ်ယူရဘဲ ရှိပြန်လေသည်။
တစ်နေ့သ၌ မင်းကြီးသည် ထိပ်ပေါ်၌လဘို့ရှိ၍ ခြေနှစ်ဖက်၌ ဦးချိုရှိပြီး ကိုယ်လုံးဖြူလျက် အခါသုံးချိန်လုံး တွန်တတ်သည့် နွားလား ဥဿဘကို ပို့စေရန် မဟောသဓနေထိုင်ရာ ပါစီနယဝမဇ္ဇုဂုံးရွာသို့ အမိန့်ထုတ်လေသည်။ မဟောသဓက ထိုအချက်များ ပြည့်စုံသော ကြက်ဖအဖြူကို ပေးပို့စေခဲ့ရာ မဟောသဓ၏ ဉာဏ်ပညာကို မင်းကြီး အားရတော်မူ၍ ခေါ်ယူလိုပြန်သည်။ သို့ရာတွင် သေနကအမတ်ကြောင့် မခေါ်ဖြစ်သေးချေ။
ထို့နောက်တစ်ဖန် မင်းကြီးသည် ရှေးဘေးလောင်းတော် ကုသ မင်းကြီးလက်ထက်က သိကြားပေးဆက်ခဲ့သော အကောက်ရှစ်ပါးပါ သည့် နန်းစဉ်ပတ္တမြား၏ ကြိုးဟောင်းပြတ်နေ၍ ကြိုးသစ်တပ်ရန် အတွက် မဟောသဓနေထိုင်ရာ ရွာသို့ပေးပို့စေ၏။ မဟောသဓ ပတ္တမြား အပေါက်ဝနှစ်ဖက်ကို ပျားရည်များ လိမ်းသုတ်စေသည်။ နူးညံ့သော ကမ္ဗလာကြိုးစချည်ကို ကျစ်ပြီးလျှင် ပျားရည်သုတ်၍ ကြိုးစကို ပတ္တမြား ပေါက်ဝကြိုးဟောင်းတစ်ဖက်နှင့်တေ့ထားပြီး ပတ္တမြားဝတစ်ဖက်ကို ပုရွက်ကျဉ်နီပိုးရွတို့ နေရာလမ်းဝ၌ တေ့လျက်ပတ္တမြားကိုထားလိုက်၏။ ပုရွက်ကျဉ်နီ ပိုးရွတို့သည် ပျားရည်နံ့ကြောင့် ပတ္တမြားပေါက်တွင် ထိုးဝင်ကိုက်ခဲစားသောက်ကြခြင်း၊ တစ်ဖက်က ကြိုးသစ်ကို ကိုက်ခဲ စားသောက်ကာ အပေါက်ကိုနောက်ဆုတ် ယူဆောင်ကြကုန်သည်။ ဤနည်းဖြင့် ပတ္တမြားကိုကြိုးသစ်တပ်ပြီးဖြစ်၍ မင်းကြီးအားဆက်သ စေလေသည်။ မင်းကြီးသည် အလွန်နှစ်သက်တော်မူသော်လည်း သေနကအမတ်က ပညာစမ်းရန် ကျန်သေး၍ငံ့လင့်ရန် လျှောက်ထား သဖြင့် မင်းကြီးလည်း ပြဿနာတစ်နည်း စီရင်ပြန်လေသည်။
နောက်တစ်နေ့၌ မင်းကြီးသည် နွားလားတစ်ကောင်အား ဝမ်းဖောင်းအောင် ပဲပြုတ်ကိုကျွေး၍ တစ်ကိုယ်လုံးနနွင်းသုတ်လိမ်းစေပြီးလျှင် ထိုနွားလား၏ ဝမ်းတွင်းမှသားကို ဖွားပေးရန်မဟောသဓ နေထိုင်ရာ ရွာသို့အမိန့်ထုတ်ပြန်ခဲ့သည်။ မဟောသဓက ယောက်ျား တစ်ဦးအား မင်းကြီးထံအရောက်သွားစေပြီး မိမိ၏ဖခင် သားမဖွားနိုင်၍ ကယ်တော်မူရန် ငိုယိုပြောဆိုစေသည်။ မင်းကြီးကယောက်ျား စင်စစ်ဖြစ် ပါလျက် သွားဖွားရန်မဖြစ်နိုင်ကြောင်းပြောကြားလျှင် ယောက်ျားက သားမဖွားနိုင်ပါက နွားလားသည်လည်း သားဖွားနိုင်မည် မဟုတ်ပါဟု လျှောက်တင်လေသည်။ မင်းကြီးလည်း မဟောသဓ၏ ဉာဏ်စွမ်းဖြင့် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်ကိုသိ၍ ခေါ်ယူလိုစိတ်ဖြစ်ပေါ်ရပြန် သည်။ သို့သော် သေနကအမတ်စကားကြောင့် ငံ့လင့်တော်မူရပြန်သည်။
နောက်တစ်နေ့တွင် မင်းကြီးသည် ဆန်လည်းမဟုတ်၊ ရေလည်း မဟုတ်၊ ထမင်းအိုးလည်းမဟုတ်၊ ခုံလောက်လည်းမဟုတ်၊ မီးလည်း မဟုတ်၊ ထင်းလည်းမဟုတ် စသည်တို့ဖြင့် စီမံချက်လုပ်ထားသည့် ထမင်းချဉ်ကို မိန်းမလည်းမဟုတ် ယောက်ျားလည်းမဟုတ်သူက လမ်း မဟုတ်သည်မှ ပို့ဆက်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ မဟောသဓ သည် ဆန်ကွဲကို နှင်းရေဖြင့်အိုးသစ်၌ထည့်ပြီး သစ်သားစိမ်း သုံးချောင်း ထောက်ပေါ်တွင် ပွတ်မီးဖြင့် သစ်ရွက်ခြောက်ကို လောင်စေ၍ချက်လေ သည်။ ပြီးလျှင် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ထမင်းချဉ်ဟူ၍ ကမ္ပည်းထိုး ကာ နပုံးပဏ္ဍုတ်ကိုရွက်စေလျက် တောလမ်းမှသွားရောက် ဆက်သစေ သည်။ မင်းကြီးလည်း ဝမ်းမြောက်အားရဖြစ်ရပြန်သည်ကြောင့် ခေါ်လို သော်လည်း သေနကအမတ်ကြောင့် မခေါ်သာဘဲရှိရပြန်သည်။
တစ်နေ့သ၌ မင်းကြီးသည်မဟောသဓနေထိုင်ရာ အရှေ့ပါစီနယဝ မဇ္ဇုဂုံး ရွာသားတို့အား သဲလွန်ကြိုးကျစ်၍ ပို့ဆက်ရမည်ဟု အမိန့် ထုတ်ပြန်ခဲ့သည်။ မဟောသဓက စကားပြောလိမ္မာသူ တစ်ဦးကိုရွေးပြီး မင်းကြီးထံမှမူလသဏ္ဌာန်အလုံးအထွာကို နမူနာ တောင်းခံစေ၏။ မင်းကြီးက သဲလွန်ကျစ်၍ မရနိုင်သဖြင့် နမူနာမရှိဟု ဆိုသည့်အခါ လျှောက်ထားသူတို့က သို့ဖြစ်လျှင် ကျွန်ုပ်တို့ရွာသားများလည်း သဲလွန် ကျစ်၍ မရနိုင်ကြောင်း ပြန်၍လျှောက်တင်သဖြင့် ပြဿနာပြေလည် ခဲ့ရသည်။ မဟောသဓ၏ ပညာပေးမှုဖြစ်သည်ကိုသိ၍ မင်းကြီးက ချီးကျူးဝမ်းသာကာ ခေါ်လိုသော်လည်း သေနကအမတ်ကြောင့် မအောင်မြင်သေးချေ။ (ဆက်လက်ဖော်ပြပါမည်)