
၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာဝိဇယစေတီတော်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်းရှိ အပ္ပရာဇိတ ပလ္လင်ပေါ်၌ သီတင်းသုံး စံပယ်လျက်ရှိသည့် “မုဉ္စလိန္ဒာ နဂါးမျိုးနွယ်၊ နဂါးကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားအပ်သော နာဂစီဝရာ ပဋပဋိမာမြတ်စွာဘုရား ဆင်းတုတော်မြတ်”ကိုရောင်ခြည် တစ်ထောင် အလင်းဆောင်သည့် ဘာနုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင်တစ်လ၊ တစ်လတွင် တစ်ရက် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ပူဇော်မည် ဖြစ်ပါသည်။
၂။ နေမင်းကြီးက မြတ်စွာဘုရားရှင်အား အလင်းရောင်ဖြင့် ဦးခိုက် ပူဇော်ချိန်တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဆုတောင်းအဓိဋ္ဌာန်ပြုကြပါက အဓိဋ္ဌာန် အောင်မြင်ပြီး ဆုတောင်းပြည့်ဝနိုင်ကြသည့်အတွက် ထူးမြတ် လှသော အချိန်အခါတွင် မဖူးလိုက်ရ၊ မရှိရလေအောင် လာရောက် ဖူးမြော်ကြည်ညိုနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။
မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့