MFF ယူ - ၁၉ နှင့် ယူ - ၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ မေ ၉၊ ၁၀ ရက် ကျင်းပမည်

 

ရန်ကုန် မေ ၄

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက စီစဉ်ကျင်းပမည့် ၂၀၂၆ MFF ယူ-၁၉ နှင့် ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲကို မေ ၉ ရက်နှင့် ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

 

ယင်းလိဂ်ပြိုင်ပွဲနှစ်ခုစလုံးတွင် အသင်း ၁၂ သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယူ-၁၆ လိဂ်တွင် Pacific Sun Far အသင်း၊ Mahar Burma အသင်း၊ Victoria အသင်း၊ SGF အသင်း၊ Mar Rein အသင်း၊ Avengers Junior အသင်း၊ Julinss အသင်း၊ ဘူရှီဒိုအသင်း၊ FFU မင်းမဟော်အသင်း၊ ရွှေပြည်သာအသင်း၊ TKA Star အသင်း၊ United City အသင်းတို့ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။ ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ကို မေ ၁၀ ရက်မှ ဇူလိုင် ၁၉ ရက်၊ ဒုတိယအကျော့ကို ဇူလိုင် ၂၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမ အကျော့ကို မေ ၉ ရက်မှ ဇူလိုင် ၁၈ ရက်၊ ဒုတိယအကျော့ကို ဇူလိုင် ၂၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး Royal Noka အသင်း၊ MIU အသင်း၊ United City အသင်း၊ ရွှေပြည်သာယူနိုက်တက်အသင်း၊ Gold Dream အသင်း၊ Burmese Warriors အသင်း၊ JV အသင်း၊ Pacific Sun Far အသင်း၊ YRG အသင်း၊ ULAD အသင်း၊ YCDC Dream Team အသင်း၊ မင်္ဂလာဒုံစီးတီးအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲနှစ်ခု ကို ပြီးခဲ့သည့်ရာသီတွင် စတင်ကျင်းပခဲ့ပြီး ယူ-၁၉ လိဂ်တွင် Winner Soccer အသင်း၊ ယူ-၁၆ လိဂ်တွင် Kyaung Sayar Thar Htwe အသင်း တို့ ဗိုလ်စွဲခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ ချန်ပီယံနှစ်သင်းစလုံး သက်ဆိုင်ရာလိဂ်များတွင် ဆက်လက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

 ရှိုင်းထက်ဇော်