
ရန်ကုန် မေ ၇
ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် ရန်ကုန်မြို့ ခုတင်(၅၀၀)ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)ရှိ နှလုံးဆေးကုသဆောင်၌ ဒုတိယအကြိမ်မြောက် နှလုံးကုသ ခြင်းကို မွေးရာပါ နှလုံးရောဂါ ကလေးလူနာများအား နှလုံး ပိုက်သွင်း စမ်းသပ်ကုသမှု အတွေ့ အကြုံများကို နှစ်ဖက်ဖလှယ်၍ ကုသဆောင်ရွက်ပေးရန် ရည်ရွယ် ချက်ဖြင့် ဂျပန်နိုင်ငံ Showa University Hospital Tokyo မှ Prof.Hideshi Tomita နှင့် ခုတင် (၅၀၀)ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း) မှ ပါမောက္ခ ဒေါက်တာ ခင်မောင်ဦး (ကလေးနှလုံးအထူးကု) ဦးဆောင်သော ကလေးနှလုံး အထူးကု ဆရာဝန်များ ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာ များအား ခွဲစိတ်ရန်မလိုဘဲ နှလုံး ပိုက်သွင်း စမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) တွင် အဆို့(Device)ဖြင့် ပိတ်၍ ကုသခြင်း၊ ဘောလုံး (Balloon) ဖြင့်ချဲ့၍ ကုသခြင်း များကို မြန်မာဆရာဝန်များနှင့် အတူ မေ ၆ ရက်မှ မေ ၇ ရက်အထိ ကုသပေးခဲ့သည်။
ထိုသို့ကုသရာတွင် ကလေး လူနာများဖြစ်သော မဖြိုးဖြိုး၊ မောင်ပြည့်ဖြိုးအောင်၊ မောင်ပိုင်ဇေ ဘုန်းမြင့်၊ မစုစန္ဒီကျော်၊ မောင်ရှိုင်း ထက်အောင်၊ မောင်ချစ်မျိုးဝေ၊ မောင်ကျော်၊ မဝိုင်းစုထွေး၊ မောင်သုခအောင်၊ နောင်ရိုးသွေး၊ အိမ့်ချစ်ဇင်အောင်၊ ဆန်းထွဋ်ဇော်၊ ဂျူးဂျူးမေ၊ ဇွဲယံဝင်းနှင့်သုခအောင် စုစုပေါင်း ကလေးလူနာ ၁၆ ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။
ရန်ကင်း(ရန်ကုန်)ရှိ ခုတင် (၅၀၀)ဆံ့ ကလေးဆေးရုံကြီး နှလုံးဆေးကုသဆောင်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်ကလည်း ဂျပန်နိုင်ငံ Showa University Hospital Yokyo မှ Pro.Hideshi Tomita၊ ကလေး နှလုံးအထူးကုဆရာဝန် Dr.hisashi Sugiyama နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဦး ဦးဆောင် သော ကလေးနှလုံးအထူးကု ဆရာဝန်များ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ ၁၄ ဦး ကို ပထမအကြိမ် အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။
အိရွှေစင်(MDD)