မွေးမြူရေးဆိုင်ရာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များတိုးပွားရေးနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်    နိုဝင်ဘာ   ၂၄

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးကို ယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ  အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။

 


မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး


အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်းစားသုံးမှုတွင် ကျန်းမာရေး နှင့် ညီညွတ်သည့် အသား၊ ငါး၊ ကြက်ဥများ၊ နို့နှင့်  နို့ထွက်ပစ္စည်းများစသည့် မွေးမြူရေးထွက်ကုန်များ လတ်ဆတ်ဖူလုံစွာ  စားသုံးနိုင်ရေး၊  ပြည်ပပို့ကုန် တိုးမြှင့်ရေး၊ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့်  လူနေမှုအဆင့်အတန်းမြင့်မားရေး၊  တိုင်းဒေသကြီး/ ပြည်နယ်များအကြား     ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးတို့အတွက်  အရေးပါသော  အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လျက်ရှိသော  ခေတ်ကာလနှင့်  လိုက်လျောညီထွေမှုဖြစ်စေရန် ဌာနဖွဲ့စည်းပုံများ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ မွေးမြူရေး ဆိုင်ရာ   သုတေသနဌာနဦးစီးဌာနကို   အသစ်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေးအတွက်  မွေးမြူရေး ဆိုင်ရာ   ဆေးတက္ကသိုလ်မှ   တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (BASc)၊   တိရစ္ဆာန်ဆေးပညာဘွဲ့  (DVM)များကို ပေးအပ်လျက်ရှိကြောင်း၊ အလားတူ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း  ကျွမ်းကျင်သူများ အဖြစ်      သင်ကြားလေ့ကျင့်    မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီး နှင့် ဟဲဟိုးတို့တွင် ရှေ့ပြေးဖွင့်လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးသိပ္ပံကျောင်းအားလုံးတွင် တိုးချဲ့ဖွင့်လှစ်  သွားမည်ဖြစ်ကြောင်း။


လုပ်ငန်းများဆောင်ရွက်ရာတွင်    ဈေးကွက် လိုအပ်ချက်နှင့်အညီ  ပုဂ္ဂလိကကဏ္ဍနှင့်  ပူးပေါင်း ဆောင်ရွက်နိုင်ရန်   တိုင်းဒေသကြီးနှင့်   ပြည်နယ်  အလိုက် မွေးမြူရေးဇုန်  ၂၈ ဇုန် ထူထောင်ထားရှိပြီး  အဆိုပါဇုန်များ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေ များကို  လေ့လာဆန်းစစ်၍  တိုးတက်မှုအခြေအနေ  များကို သုံးသပ်ပြီး   အားသာချက်၊   အားနည်းချက် များကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊  မြစိမ်းရောင် စီမံကိန်းကျေးရွာ ၃၀ ၏   ဆောင်ရွက်နေမှုများကို လေ့လာ၍ တိုးတက်မှုအခြေအနေများကို ဆန်းစစ်ပြီး  ဒေသအသီးသီးရှိ အခြားကျေးရွာများ လေ့လာနိုင်ရေး နှင့် အလားတူ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး  စီစဉ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  မွေးမြူရေးဆိုင်ရာ  သတင်းအချက်အလက်များကို  ခေတ်မီဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြု၍     ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်   လိုအပ်ကြောင်း၊   တိရစ္ဆာန်မျိုးသန့်   မျိုးပွားလုပ်ငန်းများ၊   တိရစ္ဆာန်မွေးမြူကုသရေး ဆိုင်ရာ  နည်းပညာပြန့်ပွားရေးလုပ်ငန်းများအပြင် ပြည်ပပို့ကုန်များအတွက်     သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်းကို   မွေးမြူရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး  သိရှိလိုက်နာဆောင်ရွက် ရေး အသိပညာပေးလုပ်ငန်းများ   တိုးချဲ့ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက်    ဒုတိယဝန်ကြီး    ဒေါက်တာ အောင်ကြီးက မိမိဒေသနှင့်ကိုက်ညီသည့်  စီမံကိန်း  စီမံချက်များ     ရေးဆွဲချမှတ်ဆောင်ရွက်ကြရန်၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိသော သုတေသန  လုပ်ငန်းများ     ဖြစ်စေရေးနှင့်    လက်တွေ့အသုံးချ သုတေသနများ    လုပ်ဆောင်ရေး၊   မွေးမြူရေးကို အခြေခံသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး  တိုးတက်ရန်အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန်     လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။


အစည်းအဝေး၌   မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါ  ကာကွယ်ထိန်းချုပ်ရေး၊ မွေးမြူရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးရေးဆိုင်ရာများ၊  မွေးမြူရေးထွက်ကုန် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ် များနှင့်  မွေးမြူရေးဆိုင်ရာကျွမ်းကျင်သူ လူ့စွမ်းအား  အရင်းအမြစ်များ တိုးပွားရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်  အစည်းအဝေး    တက်ရောက်လာကြသူ များက    ဝိုင်းဝန်းသုံးသပ်   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                      

    သတင်းစဉ်