
နေပြည်တော် ဇူလိုင် ၁၀
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပ သည်။
အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများ ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြ ရန်နှင့် စိုက်ပျိုးရန် ခွင့်ပြုပေးထားသည့်မြေများကို စနစ်တကျ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက် ရှိပြီး နိုင်ငံ့ GDP တိုးတက်ရေးနှင့် ဆက်စပ်မှုများဖြစ် သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် မြေယာနှင့် မြေလွတ်မြေရိုင်း အသုံးချမှုများကိုလည်း တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက လမ်းညွှန်မှုပြုထားပါကြောင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း စည်းကမ်းချက်နှင့်အညီ အပြည့်အဝ စိုက်ပျိုးမွေးမြူလုပ်ကိုင်ဆောင်ရွက် အသုံးပြုရန်အတွက် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးကြရန် လိုအပ်ကြောင်း။
စနစ်တကျစိစစ်ခွင့်ပြုပေး
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်းပြီးနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စုစုပေါင်းမြေဧရိယာ ၂၇၄၁၂၇၉ ဧကကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များ ချထားပေးခဲ့သော်လည်း သတ်မှတ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသည့် မြေဧရိယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည် သိမ်းဆည်းခဲ့ရကြောင်း၊ ထိုကဲ့သို့ ပြန်လည် သိမ်းဆည်းရန် ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များ အတွက် အသုံးပြုရသည့် အချိန်နှင့်ငွေကြေးကို ချွေတာနိုင်စေရန် မိမိတို့ ကော်မတီနှင့် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာ သူ၏ အမှန်တကယ် အကောင်အထည်ဖော် လုပ်ကိုင် ဆောင်ရွက်နိုင်မည့် ဧရိယာပမာဏကို စနစ်တကျ စိစစ်ခွင့်ပြုပေးရန် လိုအပ်ကြောင်း။
အလားတူ ယခင်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ များထံမှ မြေခွန်တော်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံး ပြီးနောက် ကောက်ခံရမည့် နှစ်စဉ်ကြေး မြေခွန် စည်းကြပ် ကောက်ခံနိုင်ရေးကိုလည်း ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေခွန်တော် ကြွေးကျန်ဖြစ်ပေါ်ခြင်းနှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက ဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်၊ အသုံးပြု ခွင့်ပေးထားသည့် မြေကို ပြန်လည်သိမ်းဆည်းခြင်း၊ ပေးသွင်းထားသော အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲ ဥပဒေများအရ တိတိကျကျ အရေးယူဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများက သဘောထားမှတ်ချက်ပြန်ကြားလာ သည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်