
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ်(၄) ကျောင်း ဆင်းမည့် ကျောင်းသား ကျောင်းသူ များကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာ စကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီ ယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ ညွန့်ဖေနှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူ ၇၂ ဦးတို့ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀တို့သည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်း သဘင်ခန်းမနှင့် ပင်လုံခန်းမတို့မှ Video Con-ferencing ဖြင့် တက်ရောက်ကြသည်။
အမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ် များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့်လူငယ်များ ဖြစ်လာစေရန်၊ ပါတီနိုင်ငံရေး ကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန် သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေး ရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်မှုစွမ်းရည်မြှင့်တင်ရန်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအတွက် ဖွံ့ဖြိုး မှုလုပ်ငန်းများ အောင်မြင်ရေးကိုရှေးရှု၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူ ပေးရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန် အရေး သုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့် ရှောက်သော လူငယ်များ ဖြစ်လာစေရန် စသည်တို့ပင် ဖြစ်ကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်အနေဖြင့် ယနေ့အထိ မဟာပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာ ဒီပလိုမာ၊ အလယ်တန်းဆရာအတတ်သင်၊ မူလ တန်းဆရာအတတ်သင်၊ အထူးမူလတန်းဆရာ အတတ်သင်၊ စုစုပေါင်း ၁၃၇၈၆ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ပေါင်း ၁၀၀ ကျော် တက်ရောက်သင်တန်းဆင်းခဲ့ ကြပြီး ဖြစ်သကဲ့သို့ ယခု သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ ၂၇၂ ဦးသည်လည်း တိုင်းရင်း သားမျိုးနွယ်စု ၄၆ မျိုးမှ တိုင်းရင်းသား၊ တိုင်းရင်းသူလူငယ်များ စုံစုံလင်လင်ပါဝင်ကြောင်း သိရသည့်အတွက် များစွာဝမ်းသာအားရ ဖြစ်မိပါ ကြောင်း။
ကျောင်းများပြန်လည်ဖွင့်လှစ်
ပညာရေးကဏ္ဍနှင့် သင်တန်းဆင်းသူများ၏ တာဝန်နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ သည် အလွန်အရေးကြီးလှကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု စစ်ဆေးရာမှ ပိုးတွေ့လူနာ တွေ့ရှိမှု ရာခိုင်နှုန်းများသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ စာသင်ကျောင်းများမှ အပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာ ကျောင်းများကို နိုဝင်ဘာ ၁ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ပါကြောင်း၊ အခြေခံကျောင်းများ ဖွင့်လှစ်မှုရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်များကိုလည်း အဆင့်လိုက် စတင်ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် အဆိုပါကိစ္စများအား နားလည် သဘောပေါက်ခြင်းမရှိသည့်သူများသည် ကျောင်း များကို ပြန်မဖွင့်နိုင်ရန်နှင့် ပညာရေးစနစ်ကို အနှောင့် အယှက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင်ဖြစ် ကြောင်း။
အခွင့်အရေးတစ်ရပ်ဖြစ်
ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ တာဝန်လည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ က ချမှတ်ထားသည့် ကလေးသူငယ်များအခွင့်အရေး တွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါဝင်ကြောင်း၊ ကျောင်းမတက်ရေး တားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ မိဘ များနှင့် ဆရာ၊ ဆရာမများ အပါအဝင် တာဝန်ရှိသူ များအားလုံးသည် ကျောင်းနေအရွယ် ကလေးများကို ပညာသင်ကြားခွင့်ရအောင် ဖြည့်ဆည်းဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း။
ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေသင်ကြားပေးသည့်နေရာ သက်သက်သာ မဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိ ဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ် နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသည့်နေရာမျိုး ဖြစ်ရန်လိုကြောင်း၊ သို့မှသာ မိမိကိုယ်မိမိ အကျိုးပြုနိုင်သည့်၊ လူမှု ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့်၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန် ကြသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများ ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
ဆရာ့ကျင့်ဝတ်နှင့်အညီ သင်ကြား
ထို့ကြောင့် မောင်တို့၊ မယ်တို့သည် လူငယ်များ လမ်းမှားမရောက်စေရန်၊ ပညာရေးတစ်ပိုင်းတစ်စ ဖြင့် အနာဂတ်ဘဝများ မပျောက်ပျက်စေရန်၊ ပညာ ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကျောင်းနေ အရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့် ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေးဆိုသည့် မူဝါဒများနှင့်အညီ တိုင်းရင်းသားလူငယ်များကို စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်၏မူဝါဒသည် ပညာသင်ကြားနိုင်သူ အားလုံး အခြေခံပညာအလယ်တန်းအဆင့် (KG +9) ကို တတ်မြောက်အောင် သင်ကြားရေးပင်ဖြစ် ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျောင်းနေသူအားလုံးသည် အနည်းဆုံး KG+9 အထိ တက်ရောက်သင်ကြားရေး တာဝန်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တပည့်ကျောင်းသား၊ ကျောင်းသူများကို ပညာ သင်ကြားပေးသည့် နေရာတွင်လည်း အတန်းအောင် ရန်၊ စာမေးပွဲအောင်ရန်ထက် အမှန်တကယ်စာတတ် ရန်၊ ပညာတတ်ရန် ဆရာ့ကျင့်ဝတ်နှင့်အညီ သင်ကြား ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ထို့ပြင် မိမိတို့တပည့် ကျောင်းသား၊ ကျောင်းသူ များကို ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်လာ စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြား ပေးကြရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းသည် နိုင်ငံ ၏ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပင် ဖြစ်ကြောင်း၊ ယခုအချိန်၌ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်တွေ့နေရသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ရောဂါကာကွယ်ရေးအတွက် လုပ်ငန်းလမ်းညွှန် များကို တိတိကျကျလိုက်နာကြရန်၊ အသိပညာပေး ကြရန် လိုအပ်ကြောင်း။
လေ့ကျင့်ပြုစုပျိုးထောင်ပေး
နိုင်ငံ၏ အနာဂတ်လှပရန်အတွက် လူငယ်များ သည် ကိုယ်ကျန်းမာရုံ သာမက စိတ်ကျန်းမာရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေ ဖြင့် မိမိတို့၏ တပည့်ကျောင်းသား လူငယ်လေးများ ကို ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေး ကြရန် အလေးအနက် မှာကြားလိုကြောင်း။
တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့နိုင်ငံ သည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်နှင့် စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များသည် ပြည်ထောင်စုအတွင်း၌ အေးအတူပူအမျှ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်ခဲ့ကြ ကြောင်း၊ ထိုသို့နေထိုင်ကြရင်းဖြင့် နယ်ချဲ့ လက်အောက်ကို ကျရောက်သွားသည့်အချိန်တွင် ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန် အတွက် မိမိတို့တိုင်းရင်းသားများအားလုံး အတူ တကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ လွတ်လပ် ရေး ကြိုးပမ်းမှုသမိုင်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသည့် တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းကြောင်း၏ တောင်းဆိုမှုအခြေအနေများနှင့် အမျိုးသားရေးလိုအပ်ချက်များအရ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် မလွှဲမရှောင်သာ သည့် အခြေအနေများကြောင့် ပါဝင်ဆောင်ရွက်ခဲ့ ရသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ယာယီထိန်းသိမ်းပေးနေခြင်းဖြစ်
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် တစ်ပါတီအာဏာရှင်စနစ် တည်ဆောက်ရန် အဓမ္မဆောင်ရွက်ခဲ့ပြီး စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းမှသွေဖည်သည့် အခြေအနေ များနှင့် နိုင်ငံတော်အတွက် အန္တရာယ်ကျရောက်နိုင် မည့် အခြေအနေများ ပေါ်ပေါက်လာခဲ့သည်ကို မောင်တို့မယ်တို့ အသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ ပြီး စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကို ပြန်လည် တည်ဆောက်နိုင်ရေးအတွက် တာဝန်ပေးအပ်လာ ခြင်းကြောင့် တပ်မတော်က ကြားကာလအခြေအနေ ကို ယာယီထိန်းသိမ်းပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်း ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူခဲ့သည့်အချိန်ကစပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ် ၍ နိုင်ငံတော်အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးဦးတည်ချက် နံပါတ်(၁) တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟု ချမှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်း ဖြစ်ပေါ်လာရေးအတွက် တပ်မတော် အနေနှင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ် သည်ကို အလေးအနက်ထားပြောကြားလိုကြောင်း၊ ထိုသို့စစ်မှန်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြမှသာ မျှော်မှန်းသည့်ပန်းတိုင်ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဖြစ်ပါ ကြောင်း။
ထိုပန်းတိုင်သို့ ရောက်ရှိရန် အဓိကကျသည့် အချက်မှာ မိမိတို့တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ကြရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ ယခု လတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘော ထားကွဲလွဲသည့် အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှု များ၊ CRPH, NUG, PDF အစရှိသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင် ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ လောင်းများဖြစ်သည့်အတွက် မိမိကိုယ်တိုင်က နိုင်ငံ့ သားကောင်းစိတ်ဓာတ် မွေးမြူထားရှိရန် လိုသကဲ့သို့ မိမိတို့တပည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံ့သားကောင်း(Good Citizen) များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံ့ သားကောင်းဆိုသည်မှာ မိမိနေထိုင်သည့် လူ့ဘောင် အဖွဲ့အစည်းအကျိုးစီးပွားအတွက် နိုင်ငံသားများ ထမ်းဆောင်ရမည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် တတ်စွမ်းသမျှ ကြိုးစားသည့် နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်ကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
နိုင်ငံ့သားကောင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်း အမြစ်နှင့်ပတ်သက်၍ ပြောကြားရာတွင် ထို့ပြင် မိမိတို့တာဝန်ကျရာဒေသများမှ တိုင်းရင်းသားလူငယ် များကို နိုင်ငံက အားထားရသည့် လူ့စွမ်းအားအရင်း အမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန် လည်း မှာကြားလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း တွင်ရှိသည့် ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူ့အရင်းအမြစ် အင်အားဆိုသည့် အရင်းအမြစ်သုံးခု ကို ထိထိရောက်ရောက် စုစည်းအသုံးပြုရမည် ဖြစ် ကြောင်း၊ အဆိုပါအရင်းအမြစ်သုံးခုတွင် အဓိက အကျဆုံးမှာ လူ့စွမ်းအားအရင်းအမြစ်များဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ် များ ကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်ထားမှုများအရ ၂၀၂၁ ခုနှစ် ခန့်မှန်း လူဦးရေ၏ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ရှိနိုင် မည့် လူဦးရေကို ၁၈ သန်းကျော်ခန့်ဟု ခန့်မှန်း တွက်ချက်ထားသည့်အတွက် နိုင်ငံ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းလူ့စွမ်းအားအရင်းအမြစ်များသည် အရည် အချင်းပြည့်ဝပြီး နိုင်ငံသားကောင်းစိတ်ဓာတ်နှင့် နိုင်ငံ့အကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြ မည်ဆိုပါက နိုင်ငံသည် အလျင်အမြန်တိုးတက်လာ မည်ဖြစ်ကြောင်း၊လူ့စွမ်းအား အရင်းအမြစ်များကို အဓိကလေ့ကျင့် ပျိုးထောင်ပေးရမည်မှာ မောင်တို့၊ မယ်တို့ ပညာရေးဝန်ထမ်းများပင်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည်လည်း အလွန်အရေးကြီး ကြောင်း၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှု မျှတမှု ရှိမှသာ ယုံကြည်မှုပိုမိုတိုးတက်ခိုင်မာလာမည်ဖြစ် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ခဲ့သည့်အချိန်ကစပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မျှော်မှန်း ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံရေးဦးတည်ချက်သည် လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေး” ဆိုသည့်အချက်ကို ထည့်သွင်း ချမှတ်ထားခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်း မှ မိမိတို့တိုင်းရင်းသားများမျှော်မှန်းသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံ သားတိုင်းတွင် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူ သွားကြရန် အလွန်အရေးကြီးကြောင်း၊ “ပြည်ထောင်စု စိတ်ဓာတ်” ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစုတစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာလက်ခံမှတ်ယူထားသည့် သဘောထား ခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသား အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်း စာနာထောက်ထားခြင်းနှင့် နားလည်သည်းခံတတ် ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်း မြတ်သည့် အခြေခံကောင်းများဖြစ်၍ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အထူးအလေးထား မှာကြားလိုကြောင်း။
နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန်လို
နိုင်ငံ့ဝန်ထမ်းကောင်းဆိုင်ရာနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် ခေတ်စနစ်နှင့် လျော်ညီစွာ အကောင်အထည်ဖော် ကြရမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် ပါတီနိုင်ငံရေးကင်းစင်ပြီး ဒို့တာဝန် အရေးသုံးပါးကို အလေးထားစောင့်ရှောက်ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် လိုအပ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ထမ်းကောင်းများရှိမှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။
မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစု ပျိုးထောင်ထားသည့် သားသမီးများပီသစွာ နိုင်ငံတော် ၏ ကျေးဇူးသစ္စာကို စောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ကို တိုင်းရင်းသားများအကြား ထွန်းကား ပြန့်ပွားအောင်လည်း ဆောင်ရွက်ပေးကြရန် မှာကြား လိုကြောင်း။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်အခြေခံကောင်းများ ပွားများဖြစ်ထွန်းလာ အောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့တာဝန် ကျရာ ရပ်ရွာဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန် ယူမှုများနှင့် တာဝန်ကျေပွန်အောင် ထမ်းဆောင် သွားကြရန်၊ ပညာတတ်သည့် မျိုးဆက်နှင့် တိုးတက် သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရေးသည် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် တာဝန် ထမ်းရွက်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြ ပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများကိုယ်စား ကယားတိုင်းရင်းသူ မဆုမြတ်နိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က အမှတ်တရ လက်ဆောင်ပစ္စည်း ဂါရဝပြုပေးအပ်သည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်