
မော်လမြိုင် အောက်တိုဘာ ၂၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုး ကြီးဘုရား ပုထိုးစေတီများ၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ရပ်နီးရပ်ဝေးမှ ဘုရား ဖူးပြည်သူများစွာ လာရောက်ဖူးမြော်ကြည်ညိုလျက် ရှိသကဲ့သို့ ယနေ့တွင်လည်း ဘုရားဖူးပြည်သူများဖြင့် ဆက်လက်စည်ကားလျက်ရှိသည်။
မော်လမြိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် တန်ခိုးကြီးဘုရားပုထိုး စေတီများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ် ကောင်းမှု ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုး တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရ ဒါန စတုဒိသာများဖြင့် မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာများ၌ ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြ သည်။
ဇာဖြူဝင်း(ပြန်/ဆက်)