
နေပြည်တော် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်မြတ် ကြီးရှိ နောင်တော်ကြီးစေတီတော် စိန်ဖူးတော် တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်းနှင့် ပဋ္ဌာန်းသိမ်း အောင်ပွဲမင်္ဂလာကို ယနေ့နံနက် ပိုင်းတွင် အဆိုပါစေတီတော် ကြီးရှိ သီရိမင်္ဂလာ ပဋ္ဌာန်းဓမ္မာ ရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့ မောင်ငံရပ် နတ်မှော်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုမန အမှူးပြုသောသံဃာ တော်များ ကြွရောက်တော်မူကြ သည်။
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နတ်မှော်ကျောင်းတိုက် ဆရာ တော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နောင်တော်ကြီးစေတီတော်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူး တော်ကို နတ်မှော်ကျောင်းတိုက် ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းပြီးနောက် တိုင်းမှူးက ပင့်ဆောင်ကာ စေတီ တော်မြတ်ကြီးအား လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော် ကြည်ညိုပြီး စေတီတော်အထွတ် သို့ တင်လှူ ပူဇော်ကာအမွှေးနံ့သာ ရည်များ ပက်ဖျန်းကာ ဇယန္တော ဗောဓိယာမူလေ အစချီ အောင်ဂါထာတော်များကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ နတ်မှော် ကျောင်းတိုက်ဆရာတော် အမှူး ပြုသော သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေကအနေကဇာတင် ပူဇော် ကြည်ညိုကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မော်လမြိုင် မြို့ ဇောတိကာရုံ ကျောင်းတိုက် ဆရာတော် နိုင်ငံတော် သံဃ နာယကအဖွဲ့ဝင် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒော ဘာသထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့သည်။
ထို့နောက် ပဋ္ဌာန်းသိမ်း အောင်ဂါထာတော်များ ရွတ်ဖတ် ပူဇော်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်