
မြောက်ဦး နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ တန်ဆောင်တိုင် အများပြည်သူရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများမှ မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရဘုရား၊ စေတီပုထိုးများဖြစ်သည့် ရန်အောင်ဇေယျ (ခေါ်)သျှစ်သောင်းပုထိုးတော်ကြီးအတွင်း လာရောက် ဖူးမြော်ကြသူများမှ ပုထိုးတော် ကြီးအတွင်းရှိ ရခိုင်ရှေးဟောင်းအနုပညာ ဗိသုကာလက်ရာများ၊ နံရံထွင်းကျောက်ဆစ်အနုပညာလက်ရာများနှင့် ၅၅၀ ဇာတ်နိပါတ်တော်များအား လည်းကောင်း၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီးအတွင်းရှိ ရခိုင်လူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ ဖြစ်သည့် ဘောင်းတော်ထုံးဖွဲ့ပုံအဆင့်ဆင့်နှင့် ဆံထုံးတော်ဆင်ယင် ထုံးဖွဲ့ပုံအဆင့်ဆင့်စသည့် ကျောက်ဆစ်အနုပညာဗိသုကာလက်ရာ များအား ဘုရားဖူးလာရောက်ကြသော ပြည်သူများက စိတ်ပါဝင်စားစွာ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေဖြင့် ရှေးခေတ်ရခိုင့် ရှေးဟောင်း ဗိသုကာ ကျောက်ဆစ်လက်ရာများ၊ ရှေးဟောင်းအနုပညာ အမွေအနှစ် လက်ရာများအား လေ့လာကြည့်ရှုကြပြီးနောက် ဘုရားဖူးပြည်သူများ၊ ကျောင်းသား ကျောင်းသူများက ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦး ရောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း
(ပြန်/ဆက်)