
မောက်မယ် ဇူလိုင် ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ်လုံး ဆိုင်ရာ သာသနာ့ အကျိုးတော်ဆောင် အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်း လှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီး စာသင်တိုက်အထိ ဗိုလ်ချုပ်အောင် ဆန်းလမ်းမ တစ်လျှောက်၌ ကျင်းပသည်။
အဆိုပါ ဝါဆိုဆွမ်းဆန်တော် နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲတွင် မြို့နယ် စုပေါင်းရုံးရှေ့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ဗိုလ်ချုပ်အောင် ဆန်းလမ်းမ တစ်လျှောက်တွင် ဒေသခံပြည်သူများက မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၄ကျောင်းနှင့် ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း ကိုးကျောင်းမှ ကျောင်းထိုင် ဆရာတော်များ၊ ရဟန်းသံဃာ တော်များ၊ မြို့နယ်အတွင်းရှိ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များ အပါး ၁၈၀ တို့ကို ဆွမ်းဆန် တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများစည်ကားသိုက်မြိုက်စွာ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပြီး အလှူရှင်များက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆို ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်
(မောက်မယ်)