နေပြည်တော် ဇူလိုင် ၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင်ဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသော လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ဗီဇာတို့ဖြင့် ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခရီးသွားလုပ်ငန်းဗဟိုကော်မတီဥက္ကဋ္ဌ ကလည်း ခရီးသွားဧည့်သည်များ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက် ပေးရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ဧပြီ ၁၇ ရက်မှ စတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့ပြီး e-Visa စနစ်ဖြင့် လုပ်ငန်းဗီဇာများကို စတင်ခွင့်ပြုပေးခဲ့ပြီးနောက် မေ ၂၀ ရက်မှစတင်၍ ကမ္ဘာလှည့်ဗီဇာများကိုလည်း e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း ၁၁ လိုင်းဖြင့် ခရီးစဉ် ပေါင်း ၁၅ ခုမှ ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင်ရောက်လျက်ရှိကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်ကာပူ၊ အမေရိကန်စသည့်နိုင်ငံများမှ ခရီးသည်များအပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံမှ ပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက် ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးနှင့် ၎င်းတို့၏ လိုအပ်ချက်များအား ကူညီဖြည့်ဆည်း ပေးနိုင်ရေးအတွက် လိုအပ်သော သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်မှုသည် အရေးကြီးကြောင်း။
သို့ဖြစ်ရာ သတင်းအချက်အလက်များကို တိကျ မှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာ များအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည် များ သွားရောက်လည်ပတ်မည့် ခရီးစဉ်များကို ကြိုတင်သိရှိနိုင်ရန်အတွက် သတင်းအချက်အလက် များ ပြည့်စုံမှန်ကန်စွာရရှိမှုသည် အဓိကကျ ပါကြောင်း၊ ထို့အပြင် ခရီးသည်များ၏ ဝင်ရောက် လည်ပတ်မှု အစီအစဉ်ကို သိရှိနိုင်ရေးအတွက် e-Visa လျှောက်လွှာပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်း ပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ခရီးသည်များ ဝင်ရောက်လာသည့်အခါ လေယာဉ်ပေါ်တွင် ကြိုတင် ဖြည့်သွင်းရသော Arrival Card များ၌ ၎င်းတို့ တည်းခိုမည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ သွားရောက် မည့် နေရာဒေသများကို ဖြည့်သွင်းပေးစေလိုကြောင်း။
မိမိတို့ဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့် တည်းခို ရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာလှည့် ခရီးသွားဧည့်သည်များစာရင်းကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ် (GLMS) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီ ပွင့်လင်းကာလခရီးသွားရာသီသို့ ရောက်ရှိ တော့မည်ဖြစ်ရာ ခရီးသွားဧည့်သည်များ ပိုမို လာရောက်ရေးနှင့် လိုအပ်သည်များကို ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခု အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားများ ဝင်ရောက်လာသည့်အခါ သတင်း အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိရေးအတွက် GLMS စနစ်ကို နယ်ရုံးခွဲများမှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ခရီးသွားများ ဝင်ရောက်သည့် အခါ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး စီမံဆောင်ရွက် ရန်အတွက် ကုမ္ပဏီများမှ ကြိုတင်တင်ပြရန်ကိစ္စနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသော ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန် ရှိသူများက GLMS စနစ်နှင့် ပတ်သက်၍ သက်ဆိုင် သည့် ကဏ္ဍများအလိုက် ဧည့်သည်များ၏ အချက် အလက်များ ဖြည့်သွင်းထားရှိမှု၊ နိုင်ငံများမှ Visa အမျိုးအစားအလိုက် ခရီးသည်ရောက်ရှိမှုများ၊ GLMS စနစ်အား တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် သာမက ခရိုင်အဆင့်ထိပါ ကျယ်ပြန့်စွာ အသုံးပြု နိုင်ရေး၊ အချက်အလက်မှန်ကန်ရေးတို့နှင့် ပတ်သက် ၍ အသီးသီးဆွေးနွေးအကြံပြု တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ တာဝန်ခံများက ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် GLMS စနစ်အား အသုံးပြုနေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



