
မြစ်ကြီးနား နိုဝင်ဘာ ၈
ကချင်တိုင်းရင်းသားမျိုးနွယ်စုဝင် လာချိဒ်တိုင်းရင်းသား ရှေးဘိုးဘွားများ၏ ရိုးရာအမွေအနှစ်များကို ခေတ်စနစ်အလိုက် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းထိန်းသိမ်း တန်ဖိုးထားတတ်စေရန်အတွက် မြစ်ကြီးနားဇုန် နယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲဖွင့်ပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ နိုဝင်ဘာ ၇ ရက်က ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်တို့ တက်ရောက် အားပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသား များအနေဖြင့် မိမိတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာအမွေအနှစ် များနှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများ မပျောက်ပျက်စေ ရန် ဖော်ထုတ်ထိန်းသိမ်းခြင်း၊ မျိုးဆက်သစ်လူငယ်များအကြား တွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို ဖော်ထုတ်ထိန်းသိမ်းခြင်း တို့ကို မဖြစ်မနေဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားဇုန်နယ် လူငယ်များအဖွဲ့က အဖွင့်သီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးက မိမိတို့မျိုးဆက်သစ်လူငယ်များ အတွက် စဉ်ဆက်မပြတ် ယခုလို ပြိုင်ပွဲများကို ကျင်းပရေး ပြောကြားသည်။
ဆက်လက်၍ မြစ်ကြီးနားဇုန်နယ်လာချိဒ် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမော်ဂျော်ချန်းဇုန်းက ပြိုင်ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားကာ လာချိဒ်လူငယ်မောင်မယ်များက ရိုးရာ(စမ်းဝိန့်)အကဖြင့် ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေး ကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးများက ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုး ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ရှေးလာချိဒ် ဘိုးဘွားတို့ လက်ဆင့်ကမ်း ထိန်းသိမ်းလာသော ပညာများကို မျိုးဆက်သစ်လူငယ်များအတွက် လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကကြီးမှူး၍ ရိုးရာ သီချင်းကြီးပြိုင်ပွဲ၊ တယော၊ ပလွေ၊ မောင်းတီးပြိုင်ပွဲများ၊ ရိုးရာ တေးသံစဉ်အက၊ ခေတ်ပေါ်တေး သရုပ်ဖော်အကနှင့် ခေတ်ပေါ် တေးအဆို ပြိုင်ပွဲများအဖြစ် ကျင်းပမည်ဖြစ်သည်။
လာချိဒ်တိုင်းရင်းသားတို့၏ ရိုးရာအတီးအမှုတ်၊ အဆိုအကတို့ သည် ရှေးလာချိဒ်ဘိုးဘွားတို့၏ နတ်ကိုးကွယ်မှုများ၊ သမီး ရည်းစားလွမ်းချင်း၊ ကလေးချော့ ခြင်း၊ တောတောင်ရေမြေသဘာဝ ကို ချီးကျူးခြင်း၊ မောင်းထောင်း သည့်အခါများတွင် တေးသီချင်း များကို ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ တယော၊ မယ်ဒလင်၊ပလွေစသည့် တူရိယာများကို အသုံးပြု၍ လည်းကောင်း၊ ရိုးရာအကများကို လည်း အိမ်သစ်တက်ခြင်း၊ ကောက်သစ်စားခြင်း၊ လနတ် သမီးခေါ်ပွဲ၊ မနောပွဲ၊ သခွား ပွဲတော်၊ တောင်ယာပွဲတော်၊ သက်ပွားပွဲတော်နှင့် နှစ်သစ်ကူး ပွဲတော်များ ကျင်းပပြုလုပ်ပြီး ဇောမ်ဂေါအက၊ ဂျီဂေါအက၊ ဆိမ်ဂေါအက၊ ကျုံးဂေါအက၊ ဂဘန်ဂေါအကတို့ကို ကျင်းပ၍ ယနေ့တိုင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)