မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ အား ကူဝိတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ

 

နေပြည်တော်    စက်တင်ဘာ    ၈


မစ္စတာ မူဘာရက်(ခ်)  အမ် အေ အလက်ဝါနီ အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံ၏ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော  သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန် ကူဝိတ်နိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

 


မစ္စတာ မူဘာရက်(ခ်)  အမ် အေ အလက်ဝါနီ ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှု ရေးရာ   အထူးပြုဘာသာရပ်ဖြင့်   နိုင်ငံရေးသိပ္ပံဘွဲ့ကို   ရရှိခဲ့သည်။ ၎င်းသည်    ၁၉၉၅  ခုနှစ်တွင်    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယား နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ် မှ   ၂၀၀၅  ခုနှစ်အထိ   အယ်ဂျီးရီးယားနိုင်ငံရှိ   ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ဘယ်လ်ဂျီယံနိုင်ငံရှိ    ကူဝိတ်သံရုံးတွင်    ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင်   ပထမအတွင်းဝန်အဖြစ်လည်းကောင်း  တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ  စီးပွားရေးဌာနတွင်  အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ  ၂၀၁၉ ခုနှစ်အထိ  ကနေဒါ နိုင်ငံရှိ  ကူဝိတ်သံရုံးတွင်   သံမှူးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။  ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ သည် ပိုလန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိသည်။


သတင်းစဉ်