မစ္စတာ အာဂိုစတီနို အန်ဒရေးဂျီ၊ ကာဗာလျို ဖာနန်ဂျေ့စ်အား မြန်မာနိုင်ငံဆိုင်ရာ အန်ဂိုလာသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

နေပြည်တော်  ဇွန်  ၂၉


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မစ္စတာ အာဂို စတီနို  အန်ဒရေးဂျီ၊  ကာဗာလျို ဖာနန်ဂျေ့စ်အား ဟနွိုင်းမြို့ အခြေစိုက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အန်ဂိုလာသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန်  သဘောတူညီပြီးဖြစ်သည်။


မစ္စတာ အာဂိုစတီနို အန်ဒရေးဂျီ၊ ကာဗာလျို ဖာနန်ဂျေ့စ် သည်  ၁၉၈၉ ခုနှစ်တွင်   အန်ဂိုလာနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီး ဌာန၌  စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး  နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ပြည်ပရှိ အန်ဂိုလာကိုယ်စားလှယ်အဖွဲ့ရုံးများတွင် ရာထူး အဆင့်ဆင့်ဖြင့်  တာဝန်ထမ်းဆောင်ခဲ့သည်။  ၎င်းသည် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမေရိကန်နှင့် မြောက်အမေရိကန် လွတ်လပ်သောကုန်သွယ်မှု       သဘောတူညီချက် (NAFTA) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်      မက္ကဆီကိုနှင့်      ကနေဒါ နိုင်ငံဆိုင်ရာ   အန်ဂိုလာကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် လည်းကောင်း၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်  အာဆီယံ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ အန်ဂိုလာကုန်သွယ်ရေးကိုယ်စားလှယ် အဖြစ်လည်းကောင်း     အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၏ရုံး၌   အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်  ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်  အန်ဂိုလာနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ဒေသ   ပထဝီနိုင်ငံရေးဆိုင်ရာဌာန    ညွှန်ကြားရေးမှူး အဖြစ်    ခန့်အပ်ခြင်းခံခဲ့ရသည်။    ၎င်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစတင်၍   ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အန်ဂိုလာ သမ္မတနိုင်ငံ      သံအမတ်ကြီးအဖြစ်       တာဝန်ထမ်းဆောင် လျက်ရှိသည်။          

                                            
သတင်းစဉ်