
နေပြည်တော် ဒီဇင်ဘာ ၈
(၁၆)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို မြန်မာ နိုင်ငံကအိမ်ရှင်အဖြစ် ဒီဇင်ဘာ ၇ ရက်က ရုံးအမှတ် (၅၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြ သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ တို့မှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ၊ ASMC၊ EU၊ IUCN၊ GIZ၊ GEC၊ CIFOR နှင့် IFAD တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံမှ ဆက်စပ်ဌာနများဖြစ်သော သစ်တောဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ပြီး ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr.Athapol Charoenshunsa က တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦးက မြေပြင်နှင့်မီးလောင်ကျွမ်းမှုတို့၏ အကျိုး သက်ရောက်မှုတစ်ခုဖြစ်သည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် သိသာထင်ရှားသည့် ဆိုးကျိုးတစ်ခုဖြစ် ကြောင်း၊ မဲခေါင်ဒေသခွဲနိုင်ငံများအနေဖြင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို ပူးပေါင်းအကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တောမီး လောင်ကျွမ်းခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းတို့ကို ကာကွယ်တားဆီးနိုင်ရန် သက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်း၊ အာဆီယံနိုင်ငံများအချင်းချင်း အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
သုံးသပ်တင်ပြဆွေးနွေး
ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialised Meteorological Center -ASMC) က မဲခေါင်ဒေသအတွင်း မီးခိုးမြူငွေ့ ဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သုံးသပ်တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများက ခြောက်သွေ့ရာသီတွင် မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့်စီမံချက်များ ဆောင်ရွက်နေမှု အခြေအနေနှင့် ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်(2017 Chiang Rai Action Plan) ကို နိုင်ငံအဆင့် အကောင် အထည်ဖော်မှုများကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသ ဌာန (ASEAN Specialised Meteorological Center -ASMC) က မိုးလေဝသနှင့် မီးခိုးမြူငွေ့အခြေ အနေသုံးသပ်ချက်များ၊ ထိုင်းနိုင်ငံက မီးလောင်ကျွမ်းမှု အရေအတွက် ၂၀ ရာခိုင်နှုန်းလျှော့ချရေး ပူးတွဲ အညွှန်းကိန်းများကို ထည့်သွင်းစဉ်းစားရန် ဆွေးနွေး ခြင်း၊ မဲခေါင်ဒေသခွဲရှိ မီးခိုးမြူငွေ့ ဖြစ်ပွားခြင်းဆိုင်ရာ တယ်လီကွန်ဖရန့် အစည်းအဝေးများမှ အကြံပြု ချက်များ (၂၀၂၀-၂၀၂၁) ဆွေးနွေးခြင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက မဲခေါင်ဒေသခွဲနိုင်ငံများတွင် မီးနှင့် မီးခိုးမြူငွေ့များ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် တွေ့ကြုံခဲ့ရသည့်အခြေအနေများ ဆွေးနွေးခြင်း၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ တိုးတက်မှုတို့ကို ဆောင်ရွက်ခဲ့သည်။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ၏ နောက်ဆုံးသုံးသပ်ချက် (၂၀၁၆-၂၀၂၀)၊ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်